By Nway / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်အတွက် ချပေးသော ရိက္ခာထုပ်များ လာကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
မတ်လ ၂၃ ရက်၊ မွန်းလွဲ နှစ်နာရီခန့်တွင် စစ်ကောင်စီတပ်က Mi17 တစ်စင်းဖြင့် ဒီပဲယင်းမြို့သို့ ရိက္ခာထုပ်များ ချပေးရာ ဒီပဲယင်းမြို့တောင်ဘက်၊ပြည်သူ့ဆေးရုံနှင့် မီတာ၃၀၀ခန့်အကွာသို့ ကျခဲ့ ပြီး ရိက္ခာထုပ်လာကောက်သော စစ်သားများနှင့် ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရေဦးပကဖထံက သိရသည်။
” ရိက္ခာထုပ်တွေက သူတို့လိုချင်တဲ့နေရာကို တိုက်ရိုက်မကျဘူးလေ။ ချတာကဆေးရုံနား၊ မြို့ပြင်ကိုကျတာ။ ကျတော်တို့က အထုပ်ကျတဲ့နေရာနဲ့ အလှမ်းဝေးတဲ့နေရာကို သွားစောင့်ပြီး ထွက်လာကောက်တဲ့အချိန်မှာ ခြုံခိုပြီး တိုက်ခိုက်တာ။ စစ်သားငါးယောက်လောက်က ထွက်ကောက်တာ ” ဟု ရေဦးပကဖတာဝန်ခံက MPA သို့ ပြောသည်။
စစ်သားများဘက်က စစ်ကူများ ထပ်မံရောက်ရှိလာသောကြောင့် ဆုတ်ခွာခဲ့ရကြောင်း ၎င်းကပြောသည်။
” အင်အား ၃၀ လောက်ထပ်ရောက်လာတာနဲ့ ဆုတ်လာတာ။ ရိက္ခာထုပ်တွေလည်း သူတို့ ကောက်သွားတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဒီပဲယင်းမြို့ပေါ် ရှိ ကုန်းသာဦးဘုန်းကြီးကျောင်း၊ ဇွဲတိုက် စားသောက်ဆိုင်၊ ရွှေသာလီဘုရားနှင့် စာသင်ကျောင်းတို့၌ အင်အား ၁၀၀ကျော်ဖြင့် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားကြောင်းသိရသည်။
စစ်သားနှစ်ဦးသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကာလကတည်းက ဒီပဲယင်းမြို့နေပြည်သူများ တိမ်းရှောင်နေကြရပြီး ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် ဒီပဲယင်းမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်း၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကာ ရဟတ်ယာဉ်ဖြင့် စစ်ကူချပေးခဲ့သောကြောင့် ကာကွယ်ရေးတပ်များ ဒီပဲယင်းမြို့မှပြန်လည်ဆုတ်ခွာခဲ့ရသည်။
ယင်းမြို့သိမ်းတိုက်ပွဲ၌ စစ်သား ၁၈ ဦးသေဆုံးကာ PDF ရဲဘော် လေးဦးကျဆုံးခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့ကို PDF တို့ သိမ်းပိုက်ပြီးနောက် Non- CDM ဝန်ထမ်း ၄၀၊ အချုပ်သား ၂၀၊ ပြည်သူ ၇၂ ဦးနှင့် အလံဖြူထောင်လက်နက်ချသည့် ပျူစောထီးနှစ်ဦးတို့အား ကယ်ထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်တစ်စစ်ဒေသက သတင်း ထုတ်ပြန်ထားသည်။