By Ra Wai / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားဆဲ ဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
မတ်လ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဗန်းမော်မြို့အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) နှင့် ဗန်းမော်တက္ကသိုလ်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း Banmaw Scout Team က သတင်းထုတ်ပြန်သည်။
“တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာကိုတော့ ကျတော်တို့ အဝေးကနေ လှမ်းကြားရပါတယ်။ စစ်တပ်က လေကြောင်းသာ မရှိရင် ပွဲပြီးသွားတာ ကြာပြီလို့ ထင်တယ်။ အခုက လေကြောင်းနဲ့ အသဲအသန် ခုခံနေတယ်။ ထိချင်ရာထိ ဗုံးကြဲနေတော့ တစ်မြို့လုံးလည်း ပျက်နေပါပြီ” ဟု ရွှေကူတွင် စစ်ရှောင်နေသော ဗန်းမော်မြို့ခံတစ်ဦးက MPA သို့ပြောသည်။
ဗန်းမော်စုပေါင်းရုံး၊ ဗန်းမော်မြို့ ရဲစခန်း၊ စည်ပင်ရုံး၊ အထက တစ် နှင့် ဗန်းမော်ကမ်းနားလမ်းရှိ နေအိမ် အဆောက်အအုံများ၊ကန်ဦးကျောင်း၀န်းကျင်နှင့် တောင်လေးလုံးဘုန်းကြီးကျောင်း၊ ညောင်ပင်ရပ် ရပ်ကွက်နှင့် မင်းကျောင်းကုန်းရပ်ကွက်ရှိ GALAXY KTV နှင့် ရပ်ကွက်အတွင်း စစ်ကောင်စီတပ်က ၀င်ရောက်တပ်စွဲထားမှုရှိနေသေးကြောင်း Banmaw Scout Team ကဆိုသည်။
စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို နေစဉ်လုပ်ဆောင်လျက်ရှိနေပြီး စကခ ၂၁ နှင့် ပင်စင်ကုန်း၊နှစ်မိုင်ရပ်ကွက်နှင့်ကချင်စုရပ်ကွက်တို့ကို လေကြောင်းတိုက်ခိုက်မှု အများဆုံး ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“မြို့သိမ်းတိုက်ပွဲက လေးလပြည့်တော့မယ်ဆိုတော့ တိုက်နေတဲ့ တော်လှန်ရေးရဲဘော်တွေမပြောနဲ့၊ ကျတော်တို့ စစ်ရှောင်တွေတောင် တော်တော်ပင်ပန်းလှပြီ။ မြန်မြန်ပွဲပြတ်ပြီး ကိုယ့်အိမ်ကိုယ်ပြန်ချင်ကြပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
မတ်လ ၂၂ ရက် ညနေပိုင်းတွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကန်တော်ရပ်ကွက်၊ ရှမ်းရွှေလီလက်ဖက်ရည်ဆိုင်အနီးရှိ အဟောင်းပစ္စည်းများ ၀ယ်ယူသည့်ဆိုင် မီးလောင်ပျက်စီးခဲ့ကြောင်း Banmaw Scout Team က ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလေးရက်မှ စတင်ကာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကေအိုင်အေနှင့် မဟာမိတ်များ ပူးပေါင်းဆင်နွှဲနေခြင်းဖြစ်သည်။