By Ra Wai / MPA
မွန်ပြည်နယ်အတွင်း တော်လှန်ရေးတပ်များ အားကောင်းသော ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အဆင့်မြင့်ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာကြောင်း သိရသည်။
ယခုနှစ်(၂၀၂၅ခုနှစ်)မှစတင်ကာ ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစု ထိန်းချုပ်နယ် မြေ များသို့ အဆင့်မြင့်ဒရုန်းများဖြင့် တိုက်ခိုက်မှုများလာခြင်းဖြစ်ပြီး တိုက်ခိုက်မှုကုန်ကျစရိတ်ကို ချွေတာခြင်းဖြစ်နိုင်ကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင် ကပြောသည်။
“ဒရုန်းနဲ့တိုက်တာက လေယာဉ်ထက် ကုန်ကျစရိတ်သက်သာတာဆိုတော့ ဒရုန်းကို ပိုအားပြုလာ တယ်လို့ ထင်တယ်”ဟု ၎င်းက MPAသို့ပြောသည်။
စစ်ကောင်စီ၏ ဒရုန်းတိုက်ခိုက်မှုသည် တော်လှန်ရေးတပ်များကို ထိခိုက်မှု အလွန်နည်းပြီး ဒေသခံ ပြည်သူများကိုသာ ပိုမိုထိခိုက်လာကြောင်း သိရသည်။
ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် ကျိုက်ထိုမြို့အခြေစိုက် တပ်မ၄၄သို့ အဆင့်မြင့်ဒရုန်းအစင်း ၂၀ ခန့် ဖြည့်တင်းခဲ့ကြောင်း သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ တာဝန်ခံ ရဲဘော်သုည နှင့် ကျိုက်ထိုမြို့ စစ်ကောင်စီအုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“အခုလက်ရှိအချိန်မှာ ကျိုက်ထိုနဲ့ဘီးလင်းကို ဒရုန်းနဲ့ တိုက်ခိုက်မှုပိုများတယ်။သထုံလက်မှာ မတိုက် ဘူးတော့မဟုတ်ဘူး။တိုက်တယ်။နည်းတယ်။ပြီးတော့ သူတို့(စစ်တပ်)ဒရုန်းနဲ့ပစ်တာက သထုံမှာ ဘာထိခိုက်မှုမှ မရှိဘူး”ဟု သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ တာဝန်ခံ ရဲဘော်သုညက ပြောသည်။
စစ်ကောင်စီ၏အမှတ် ၁၂၂ ဒရုန်းတပ်ဖွဲ့အခြေစိုက်သော သထုံမြို့နယ်၊အမှတ်ကိုး စစ်အခြေခံလေ့ ကျင့်ရေးတပ် (လေ့ကျင့်ရေးကိုး) မှ ကျိုက်ထိုမြို့နယ်၊ကွာလီရေကန်ကုန်း ခမရ ၂၀၇နှင့် အမှတ် ၃၁၀အမြောက်တပ်ရင်းသို့ လာရောက်နေရာချကာ ကျိုက်ထိုမြို့နယ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေကြောင်း ကေအဲန်ယူဗဟိုက မတ် ၁၈ရက်တွင် ထုတ်ပြန်ထား သည်။
“လေ့ကျင့်ရေးကိုးက ဗိုလ်မှူးချစ်ဝင်းသူကို ကျတော်တို့ ရှင်းပစ်တုန်းက ချစ်ဝင်းသူဖုန်းထဲကနေ အဆင့်မြင့်ဒရုန်းလေ့ကျင့်ပျံသန်းနေတဲ့ဖိုင်တွေ တွေ့ခဲ့ဖူးတယ်။အဲဒီဒရုန်းက ရုရှားနည်းပညာနဲ့လုပ်ထားတဲ့ ဝေဟင်မှာ ၄၈နာရီလောက်ပျံသန်းနိုင်တဲ့ ဒရုန်း”ဟု ရဲဘော်သုညက ပြောသည်။
ဗိုလ်မှူးချစ်ဝင်းသူသည် လေ့ကျင့်ရေးကိုးတပ်၏ ဒုတပ်ရင်းမှူးဖြစ်ပြီး ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ၁၀ရက် နံနက်ပိုင်းက သထုံမြို့နယ်၊ဝင်းစိန်ရွာမှအပြန်တွင် သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ရာ ၎င်းအပါအဝင် စစ်သားသုံးဦး သေဆုံးခဲ့သည်။
“အဲဒီ၂၀၂၂ကတည်းက သထုံမှာ အဆင့်မြင့်ဒရုန်းတစ်စင်းနဲ့ လေ့ကျင့်မှုတွေ ရှိနေပြီ”ဟု ရဲဘော်သုည က ထပ်လောင်းပြောသည်။
စစ်ကောင်စီတပ်အတွက် အရေးပါသည့် ဘီးလင်းမြို့နယ်အတွင်းရှိ မဲပလီဗျူဟာစခန်းကို ဖေဖေါ်ဝါ ရီ တစ်ရက်တွင် KNLAနှင့် မဟာမိတ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်အပါ အဝင် စစ်သား၄၀ခန့် သေဆုံးခဲ့ပြီး ဟောင်ဝှစ်ဇာအမြောက်နှင့် လက်နက်ကြီး၊လက်နက်ငယ် အများ အ ပြား တော်လှန်ရေးတပ်တို့ သိမ်းဆည်းရရှိခဲ့ပြီးနောက် ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်၌ လေယာဉ် နှင့်ဒရုန်းဖြင့် ဗုံးကြဲခြင်း၊အသေခံဒရုန်းနှင့် လက်နက် ကြီးတို့ဖြင့် တိုက်ခိုက်ခြင်းတို့ ဆက်တိုက်ပြု လုပ်လာခဲ့သည်။
“စစ်တပ်က ထိချင်ရာထိ ပစ်တာ။ ကျတော်တို့ကြားရသလောက် ဒေသခံတွေပဲ ထိတာများတယ်။ PDFတွေထိတာဆိုလို့ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီတုန်းက အစည်းအဝေးလုပ်နေတုန်း သတင်းပေါက်ကြား လို့ထင်တယ်။စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ”ဟုသထုံမြို့စွန်ရပ်ကွက်နေ ပြည်သူတစ် ဦး ကပြောသည်။
ဖေဖေါ်ဝါရီ၁၃ရက်တွင် ကျိုက်ထိုမြို့နယ်၊ပိန္နဲကုန်းရွာဝန်းကျင်၌ တော်လှန်ရေးတပ်များ အစည်းအဝေးလုပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးလေးလုံးကြဲ တိုက်ခိုက်ခဲ့ရာ ရဲဘော်သုံးဦး ကျဆုံးခဲ့သည်။
စာတည်း-ကိုဆန်း