By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (မတ်လ၂၃ရက်) မွန်းလွဲ တစ်နာရီခန့်က ရေဦးမြို့၊ ရွှေပြည်သာရပ်ကွက် ဓမ္မာရုံရှေ့၌ စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့်ကို ဒရုန်းဖြင့် ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ်ပကဖထံမှသိရသည်။
” Mi-17က အထုပ်ချမလို့ဆင်းတဲ့အချိန် ရေဦးမြို့အဝင်လောက်ရောက်တဲ့အချိန်ချလိုက်တာ၊ အခုက မဆင်းတော့ ကန့်ဘလူဘက် ၆၀၀၆ဘက်ရောက်သွားပြီ၊ နိမ့်နိမ့်လေးရောက်ပြီးသား ပေါက်ကွဲသံတွေကြားလို့ ပြန်တက်သွားတာ” ဟု ရေဦးမြို့နယ်ပကဖတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုင်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး လူနာတင်ကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ၎င်းကပြောသည်။
” သုံးယောက်ကတော့ လောလောဆယ် အဲ့ဒီနားတင် ပွဲချင်းပြီးသေတာ၊ ရင်ကွဲရုံသယ်သွားတယ်။ လူနာတင်ကားနဲ့ လာသယ်သွားတယ်တဲ့။ ဘယ်ကိုလဲတော့မသိရဘူး ” ဟု ၎င်းကဆက်ပြောသည်။
လက်ရှိ တော်လှန်ရေးတပ်များသည် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို မကြာခဏ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်ရာနေရာများ၌ မနေထိုင်ကြရန် ရေဦးမြို့နယ်ပကဖက မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML