By Nway / MPA
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် တိုက်ပွဲများသို့ စစ်ကူသွားသည့် စစ်ကားများကို တော်လှန်ရေးတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကားနှစ်စီး ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မတ် ၂၂ရက်၊ နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်၊ညောင်ခြေထောက်ကျေးရွာအနီးရှိ အမှတ်ခြောက်ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ ၆ ) မှ စစ်ကူသွားသည့် စစ်ကား ခုနှစ်စီးကို ရက္ခိုင့်တပ်တော် AAနှင့် တော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း MPA၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ချင်းကုန်းနဲ့ ညောင်ခြေထောက်ကြားမှာ ဖြစ်နေတာကို စစ်ကူသွားတာ။ စစ်ကား ခုနှစ်စီးဆိုတော့ အင်အားက ရာနဲ့ချီတယ်။ လက်နက်ကြီးနဲ့ဝိုင်းပစ်ကြတာ။ ကားနှစ်စီးလည်း မီးလောင်ပျက်စီးသွား တယ်လို့သိရတယ် ” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်သားများထိခိုက်၊သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်ကိုမူ မသိရသေး ပေ။
” ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အပစ်ခံရတဲ့ကားတွေ ပြန်ဆုတ်လာတယ်လို့တော့ မကြားမိသေးဘူး ” ဟု ၎င်းကယနေ့(မတ်၂၃ရက်) မွန်းလွဲပိုင်း၌ ပြောသည်။
မတ်လ ၂၁ရက်နှင့် ၂၂ရက်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်ညောင်ကျိုးကျေးရွာနှင့် ညောင်ခြေ ထောက်ကျေးရွာအနီးတဝိုက်သို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဥသျှစ်ပင်မြို့ခံတစ်ဦးကပြောသည်။
” လေယာဉ်နဲ့ ပစ်တဲ့အသံတွေကြားတယ်။ လက်နက်ကြီးသံတွေရော ဆူညံနေတာပဲ။ မနေ့(မတ်၂၂ရက်)မနက်က ပစ်ခတ်သံတွေပိုကြားရတယ် ” ဟု ၎င်းကပြောသည်။
ပန်းတောင်းတိုက်ပွဲများမှ ဒဏ်ရာရစစ်သားများကို ရွှေတောင်၊ ပန်းတောင်းနှင့် ပြည်မြို့နယ်ရှိ ဆေးရုံနှင့် ခန်းမများ၌ ဆေးကုသမှုပေးနေသော်လည်း နေရာမလုံလောက်သဖြင့် မင်္ဂလာဒုံစစ် ဆေးရုံအထိ ပို့ဆောင်နေရကြောင်း ပြည်မြို့စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
ယခုနှစ်၊ဇန်နဝါရီလကုန်ပိုင်းတွင် ရက္ခိုင့်တပ်တော် AAနှင့် မဟာမိတ်တပ်များက ရခိုင် – ပဲခူးနယ်စပ်ရှိ မိုးထိတောင်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ပန်းတောင်းမြို့နယ်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
စာတည်း-ML