By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ယာခင်းများကို မီးထွက်ရှို့သော စစ်အုပ်စုဝင်များ PDF မိုင်းထိပြီး တစ်ဦသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၁ ရက်၊ နံနက် ၁၀ နာရီကျော်တွင် မြင်းခြံမြို့၊ ဆုံပျူရွာမှ ပျူစောထီးနှင့်စစ်သား ပူးပေါင်း အင်အား ၄၀ ဝန်းကျင်တို့သည် ဆုံရွာအရှေ့ဘက်ရှိ ယာခင်းများကို မီးရှို့စဉ် PDF ထောင်ထားသည့် မိုင်းများ ပေါက်ကွဲခြင်းဖြစ်ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MGN) က သတင်းထုတ်ပြန်သည်။
” အရင်နေ့က အဲ့ဘက်မှာ PDF တွေ ခြုံခိုပြီးတော့ ရွာအပြင်ဘက်မှာ ယာခင်းလုပ်နေတဲ့ ပျူတွေကို ဝင်ဖမ်းတာ။ အဲ့လိုဖြစ်စဉ်ရှိတယ်။ ထိတွေ့မှုလည်း ဖြစ်သေးတယ်လေ။ သူတို့က အဲ့ဒါကြောင့် ခြုံတွေရှိမှာစိုးတဲ့အတွက် ပတ်မီးရှို့တာ။ PDFတွေ လာပြီးပုန်းမှာစိုးလို့” ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MGN)၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
၎င်းတို့ရိတ်သိမ်းထားသည့် ပြောင်းပုံထဲ၌ မိုင်းခြောက်လုံး အသင့်ဆင်ထားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့စဉ် ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။
” မိုင်းက ကျတော်တို့က ဆင်ထားခဲ့တာဗျာ။ မီးရှို့တဲ့အခါမှာ ထကွဲပြီး သူတို့ ထိသွားတာ။ ထိတဲ့သူတွေကို ရွာထဲကို သယ်သွားတယ်။ နှစ်ယောက်ကိုတော့ ဆီမီးခုံ ရေနက်ဆိပ်ကမ်း ရေတပ်ထဲပို့ပြီး ဆေးကုနေတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MGN)၊ AungSan’s Blood Civilians Defense Force (ABCDF) နှင့် မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့ (MNGF) တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ပျူစောထီးများ သေဆုံး၊ ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။