By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးရွာရှိ ဆေးခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဆရာဝန်မိသားစုအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက်၊ နံနက် ၉ နာရီတွင် နှမ်းခါးကျေးရွာရှိ ပြည်သူ့ကျန်းမာရေးဆေးခန်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် MiG – 29 ဂျက်ဖိုက်တာ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ ဒီမနက်ခင်းမှာဘဲ ဆေးခန်းတည့်တည့်ကို ဗုံးကြဲသွားတာ၊ ဆေးခန်းကတော့ ဆောက်တုန်းပဲရှိသေးတယ်။ ဆရာဝန်ကတော့ အိမ်ထဲမှာ ဆေးကုသမှုတွေပေးနေတာ၊ ဆေးကုနေတဲ့အချိန်မှာ ဗုံးကြဲခံရတာ ” ဟု ဖြစ်စဥ်ကိုသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဆေးပေးခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ငါးဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်၌ ဆေးခန်းတွင် ဆေးကုသမှုခံယူလျက်ရှိနေသည့် လူနာများနှင့် မိသားစုဝင်များအပြင် ဆရာဝန်၏ မိသားစုလည်း အသက်သေဆုံးခဲ့ကြောင်း သိရသည်။
“ သေဆုံးသွားတဲ့အထဲမှာ ဆရာဝန်မိသားစုပါသွားတယ်။ ဆေးခန်းလာပြတဲ့ လူနာတွေလည်း ပါကုန်တယ်။ စုစုပေါင်းကတော့ ၁၁ ဦးသေဆုံးသွားတယ်ဗျ” ဟု အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။






လက်ရှိတွင် စစ်ကောင်စီက ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်းကြောင့် အရပ်သားများအပြင် ကျွဲ၊ နွားနှင့် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးလျက်ရှိနေသည်။
“ ဒီလထဲမှာပဲ ဂန့်ဂေါတောင်ပိုင်းရော၊ မြောက်ပိုင်းမှာရော စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီး လုပ်ဆောင်လာတာတွေ့ရတယ်။ စစ်ကောင်စီစစ်ကြောင်းထွက်တဲ့ တလျှောက်မှာလည်း ဓားစာခံဖမ်းတာ၊ မုဒိန်းမှုကျူးလွန်တာတွေလည်း ရှိတယ်လို့ သိရတယ်” ဟု ဂန့်ဂေါဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မြစ်သာဆည်အနီးဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာအသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ မတ် ၂၀ ရက်တွင်လည်း ထီးလင်းမြို့နယ်အရှေ့ဘက်ခြမ်းရှိ အလယ်ဘန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သားလေးဦးသေဆုံးခဲ့သေးသည်။
၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်မှစ၍ စစ်ကောင်စီက ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောနှင့် ကျောမြို့နယ်တို့တွင် ဖုန်းလိုင်းများဖြတ်တောက်ထားခြင်းဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်လာခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ယောဒေသသည် ဒေသခံတော်လှန်ရေးအင်အားစုများ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ စစ်ကောင်စီတပ်မှ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့်ဒေသလည်း ဖြစ်သည်။