By Ra Wai / MPA
မွန်ပြည်နယ်အတွင်း အထက်လူကြီးနှင့် အဆင်မပြေသော ရဲတပ်ဖွဲ့ဝင်များကို PDF နယ်မြေများသို့ ပြောင်းရွှေ့တာဝန်ချနေကြောင်း သိရသည်။
အထက်လူကြီးနှင့် အဆင်မပြေသူများနှင့် စည်းကမ်းဖောက်ဖျက်မှု တစ်ခုခုကြောင့် အရေးယူခံရသော ရဲများအတွက် ပြစ်ဒဏ်ပေးမှုမှာ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်များ အားကောင်းသည့် ရေး၊ သံဖြူဇရပ်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထို မြို့နယ်များရှိ နယ်မြေရဲစခန်းများသို့ ပြောင်းရွှေ့တာဝန်ချခြင်းဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံခရိုင် အတွင်းရှိ ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ရာဇဝတ်မှုကျူးလွန်တဲ့ ရဲကလွဲရင်ပေါ့။ အလုပ်ထုတ်ရမယ့်ပြစ်မှု ကျူးလွန်တဲ့ ရဲတွေကို အလုပ်မထုတ်တော့ဘူး။ အဲဒီလို အမှုကြီးတဲ့ရဲတွေနဲ့ အထက်လူကြီး မျက်မုန်းကျိုးတဲ့ရဲတွေကို PDF နယ်မြေ ပို့တယ်။ ပြောရရင် အလုပ်ထုတ်ပြီး ရဲတစ်ယောက်ဆုံးရှုံးမယ့်အစား အသေသွားခံခိုင်းတဲ့သဘောပဲ” ဟု ၎င်းက MPA သို့ပြောသည်။
PDF တိုက်ခိုက်မှု မရှိသလောက်နည်းသော မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ တာဝန်ကျရဲများနှင့် မြို့ပေါ်ရဲစခန်းများတွင် တာဝန်ကျသောရဲများသည် PDF နယ်မြေများသို့ ပြောင်းရွှေ့မခံရရေးအတွက် အထက်လူကြီးများကို လာဘ်ထိုးကြရကြောင်း သိရသည်။
“လာဘ်ထိုးဖို့အတွက်လည်း လာဘ်စားလို့ရတဲ့ ဝင်ငွေ ရဲတွေလည်း မနည်းဘူး။ မြို့ပေါ်ရဲစခန်းတွေထဲမှာ PDF ကိုကြောက်ရတာ ရေးမြို့မရဲစခန်းပဲရှိသေးတယ်။ အခုအချိန်ထိပေါ့။ ကျန်တဲ့မြို့ပေါ်စခန်းတွေက အန္တရာယ်နည်းသေးတော့ လုပ်စားလို့ ကောင်းသေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များအတွင်းရှိ ရာထူးအဆင့်ဆင့်သည် PDF နယ်မြေ ပြောင်းပစ်မည်ဆိုသော ခြိမ်းခြောက်စကားကို သုံးစွဲလေ့ရှိပြီး ရဲများအားလုံးကလည်း ထိုခြိမ်းခြောက်မှုကို အလွန်ကြောက်ကြကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံနှင့် ချောင်းဆုံမြို့နယ်တို့သည် စစ်ကောင်စီထိန်းချုပ်မှု အားအကောင်းဆုံးမြို့နယ်များဖြစ်သည်။