By Nway / MPA
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် တိုက်ပွဲများအတွင်း ဒဏ်ရာရသော စစ်သားများကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်နေကြောင်း သိရသည်။
မတ်လ ၂၀ရက်နေ့က ပြည်မြို့မှ လူနာတင်ယာဉ်များနှင့် နာရေးကူညီမှုအသင်းကားများက ဥသျှစ်ပင်မြို့သို့သွားကာ ဒဏ်ရာရစစ်သားများကို သွားရောက် ခေါ်ဆောင်ပေးနေကြောင်း မျက်မြင်တွေ့ရှိသည့် ပြည်မြို့ခံတစ်ဦးထံက သိရသည်။
” Ambulanceတွေ၊ နာရေးကားတွေချောဆွဲပြီး ဥသျှစ်ပင်က အကျိုးအပြတ်တွေကို သွားခေါ်ပေးရတာ ” ဟု ၎င်းက MPA သို့ပြောသည်။
ဒဏ်ရာရစစ်သားများကို ရွှေတောင်၊ ပန်းတောင်းနှင့် ပြည်မြို့နယ်ရှိ ဆေးရုံများ၊ ခန်းမများ၌ ထားရှိသော်လည်း နေရာမလုံလောက်သောကြောင့် မင်္ဂလာဒုံစစ်ဆေးရုံအထိ ပို့ဆောင်နေခြင်းဖြစ် ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” ဒီမှာ ပြည့်ကျပ်နေပြီလေ။ လူနာတွေက ပြည်နဲ့ ရွှေတောင်ဆေးရုံမှာ ခုတင်တစ်လုံးကို လူနှစ်ယောက်ထားတဲ့အပြင် ကြမ်းပေါ်မှာပါ ပြည့်နေပြီ။ ဥသျှစ်ပင်၊ ပန်းတောင်းက မြို့နယ်ခန်းမတွေမှာလည်း ထားထားတယ် ” ဟု ၎င်းကပြောသည်။
ဇန်နဝါရီလကုန်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA နှင့် မဟာမိတ်တပ်ဖွဲ့များက ရခိုင် – ပဲခူးနယ်စပ်ရှိ မိုးထိတောင်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ပန်းတောင်းမြို့နယ်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာခြင်းဖြစ်ကာ လက်ရှိ၌ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးကျေးရွာနှင့် ညောင်ခြေထောက်ကျေးရွာကြားတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအချို့က ပြောသည်။
ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးကျေးရွာ တပ်စခန်းရှိ ကာကင်း စခန်းများအားလုံးကို AA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက မီဒီယာများကို ဖြေကြားထားသည်။