By Nway / MPA
မကွေးတိုင်း၊ ရေစကြိုမြိုနယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။
ယနေ့ (မတ်လ ၂၁ ရက်) နံနက် ခြောက်နာရီခွဲဝန်းကျင်က စစ်ကောင်စီစစ်ကြောင်းသည် မိုးဖြူ၊ မိုးကွဲရွာသို့ ဝင်ရောက်လာသဖြင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်စဉ် စစ်ကောင်စီ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကာ မိုးကွဲရွာအနောက်ဘက် ကျွန်းခုံပေါ်၌ ထွက်ပြေးတိမ်းရှောင်နေကြသည့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးသွားကြောင်း Yesagyo Township Info Committee က သတင်းထုတ်ပြန်သည်။
” လိုက်ပစ်တုန်း လွတ်အောင်ထွက်ပြေးလာသူတွေက ပို့ပေးလာတဲ့ သတင်းပါ။ ၅၃ ယောက်လို့ သိရပါတယ်။ နောက်ဆက်တွဲကတော့ မိုးကွဲရွာထဲဖမ်းခေါ်သွားတာမို့ ဘာမှ မသိရသေးပါ” ဟု Yesagyo Township Info Committeeမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့ ညနေပိုင်းအထိ မိုးကွဲရွာထဲ၌ ရှိနေသေးပြီး ရွာကို မီးရှို့ဖျက်ဆီးခြင်းမရှိသေးသော်လည်း ဒေသခံပြည်သူများထွက်ပြေးနေရသဖြင့် အသေးစိတ်ကိုမူ မသိရှိရသေးပေ။
ဖမ်းဆီးခံထားရသည့် ပြည်သူများမှာ မည်သည့်ရွာကဖြစ်သည်ကိုလည်း မသိရှိသေးသလို ၎င်းတို့၏ အခြေအနေကိုလည်း မသိရသေးပေ။
ယင်းစစ်ကြောင်းသည် ပခုက္ကူတပ်မ ၁၀၁ မှထွက်လာသည့် အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကြောင်းဖြစ်ပြီး မတ်လ တစ်ရက်မှစကာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ ဝင်ရောက် မီးရှို့၊ လုယက်၊ သတ်ဖြတ်နေခြင်းဖြစ်သည်။
ယင်းစစ်ကြောင်းသည် ၂၁ ရက်တာအတွင်း မြေစွန်းတော်၊ ဇရပ်နီ၊ မာလကာခြံ၊ သာဂေါင်၊ မြေတော်၊ ဘိစပ်ကုန်း၊ ငတရော်ရွာနှင့် နှင့် မြောင်နယ်မှ ပန်းညိုရွာတို့ကို မီးရှို့ဖျက်ဆီးထားပြီး မြေစွန်းနှင့် သာဂေါင်ကျေးရွာမှ ပြည်သူ ၁၈ ဦးအထိ သတ်ဖြတ်ခံထားရကြောင်းသိရသည်။