By Ra Wai / MPA
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ စစ်ကောင်စီဂိတ်ကို သန်းခေါင်ကျော်အချိန်၌ PDFတို့ စီးနင်းတိုက်ခိုက်ခဲ့ရာ ရှစ်ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၀ ရက်၊ နံနက် တစ်နာရီခွဲခန့်တွင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းရွာအနီး ရန်ကုန်-ပြည် ကားလမ်းဘေး၌ အထိုင်ချတပ်စွဲထားသည့် စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီ ၄၅ မိနစ်ခန့်ကြာခဲ့ပြီး ကာဘိုင်သေနတ်တစ်လက်၊ ဆိုင်ကယ်တစ်စီးနှင့် စစ်အသုံးဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ နှစ်က သတင်းထုတ်ပြန်သည်။
” အင်အားက ၂၀ ကျော် ၃၀ ဝန်းကျင်ရှိပါတယ်ခင်ဗျ။ အပြန်အလှန်ပစ်ခတ်ရာမှာ စကစ ဘက်က အထိနာပြီး စစ်ကွင်းမြို့ထဲဘက်ကို ဝင်ပြေးသွားတာပါ။ ပုဆိုးတောင်မှမပါဘဲ အတင်းကို ပြေးသွားရတဲ့ အနေအထားဖြစ်သွားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ နှစ်၊ တပ်ခွဲမှူး ဗိုလ်တိမ်တိုက်က MPA သို့ပြောသည်။
ယင်းဂိတ်ရှိ စစ်သားများသည် သေဆုံးသည့်အလောင်းများကောက်ယူပြီး စစ်ကွင်းမြို့ထဲသို့ ထွက်ပြေးသွားသဖြင့် ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သော်လည်း အနည်းငယ်သာလောင်ကျွမ်းခဲ့ကြောင်း ယနေ့ (မတ်လ ၂၁ ရက်)တွင် စစ်ကောင်စီဘက်က ပြန်လည်အထိုင်ချ တပ်စွဲထားကြောင်းသိရသည်။
” ကျတော်တို့လည်း မီးတို့ရတာ၊ မီးပုလင်းတွေနဲ့ လောင်စာအားက မကောင်းဘူး ဖြစ်သွားတယ်။ အဲ့တော့ ကျတော်တို့လည်း တို့လို့ ရသလောက်ကို အကုန်လုံးတို့တယ်။ အထဲက သိမ်းဆည်းရမိတာလည်း သိမ်းတယ်ပေါ့။ မှတ်တမ်းယူစရာရှိတာလည်းယူတယ်ပေါ့ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြန်လည်အထိုင်ချတပ်စွဲလာသည့် စစ်ကောင်စီဂိတ်ကို ယနေ့ (မတ်လ ၂၁ ရက်) နံနက် ၁၀ နာရီခန့်က အဝေးထိန်းမိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” မီးမတို့နိုင်ခဲ့ပေမဲ့လည်း ကျတော်တို့ အဝေးထိန်းမိုင်း ထပ်ပြီးတော့ ထားခဲ့တယ်ပေါ့နော်။ သူတို့ဂိတ်ကို လာပြီးရှင်းလင်းတဲ့အခါ ကျတော်တို့ မိုင်းစပြီး ခွဲလိုက်တဲ့အခါမှာ ထပ်ကျသွားတယ်” ဟု ၎င်းပြောသည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်တွင် စစ်သားအင်အားတိုးမြှင့်ထားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။