By Bala / MPA
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတစ် နေရာသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒီးမော့ဆို အနောက်ခြမ်း လေးမိုင်နေ ဒေသခံတစ်ဦးက ပြောသည်။
ယနေ့(မတ် ၂၁ ရက်)၊ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ၊ ဒီးမော့ဆိုမြို့အနယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဂျက်နဲ့လာကြဲသွားတာ၊ စစ်ရှောင်က ကလေးတစ်ဦးထိခိုက်သွားတယ်ပြောတယ်။ အသေးစိတ်တော့ သေချာမသိသေးဘူး။ ကျတော်တို့လဲ လေယာဉ်လာလို့ ပုန်းနေရတာဆိုတော့လေ”ဟု ဒီးမော့ဆိုအနောက်ခြမ်း၊ လေးမိုင်နေ ဒေသခံတစ်ဦးက ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုအပြီး ဒီးမော့ဆိုမြို့နယ်၊အနောက်ခြမ်းရှိ ၄မိုင်နှင့် ပဆေးလာအနီးဝန်းကျင်တွင် လေယာဉ်ပစ် စက်လက်အမျိုးအစားဖြစ်သည့် ပွိုင့် ၅ သေနတ်ပစ်ခတ်သံများကြားရကြောင်း ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“၁၀နာရီ ၂၀မိနစ်လောက်က ပွိုင့် ၅သံကြားရတာ၊ စစချင်းပစ်တုန်းကတော့ သုံးချက်အရင်ကြားရတယ်။ ပြီးတော့မှ အတွဲလိုက်ပစ်သံကြားရတာ၊ လေယာဉ်ထိတယ်၊ဘာညာတော့ မကြားမိဘူး”ဟု ၎င်းက ပြောသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF )ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနအား MPAမှ မေးမြန်းရာ လေယာဉ်ဗုံးကြဲမှုဖြစ်စဉ်မှာ မှန်ကန်ကြောင်းနှင့် ဖြစ်စဉ်အသေးစိတ်အား အတည်ပြုလျက်ရှိကြောင်း ပြောသည်။
အထက်ပါ ပွိုင့် ၅ပစ်ခတ်မှုအပြီးတွင် ငွေတောင်အခြေစိုက် ခမရ ၁၀၂တပ်မှ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းရှိ လေးမိုင် နှင့် ပဆေးလာရွာအနီးသို့ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ကြောင်း ပဆေးလာရွာသားတစ်ဦးက ပြောသည်။
“ငွေတောင်ဘက်က လက်နက်ကြီးတစ်လုံးပစ်တယ်။ ပွိုင့် ၅ရှိတဲ့ဘက်ကို မှန်းထုတာနဲ့တူတယ်။ တစ်လုံးပဲကျတာပါ၊လူအထိအခိုက်တော့ မရှိပါဘူး”ဟု ၎င်းကပြောသည်။
အထက်ပါတိုက်ခိုက်မှုများအတွင်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှု အခြေအနေနှင့်ပတ်သက်ပြီး MPAမှ သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိတွင် စစ်ကောင်စီတပ်၏ နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာတစ်စီးသည် အရှေ့တောင်ဘက်သို့ ဦးတည်ကာ ယနေ့မနက် ၁၀နာရီ ၄၃မိနစ်က ထွက်ခွါသွားကြောင်း MPAကသိရသည်။
ပြီးခဲ့သည့် မတ် လေးရက် နှင့် ငါးရက်နေ့ကလည်း စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်အတွင်းသို့ နှစ်ရက် ဆက်တိုက် လေကြောင်းဖြင့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မတ် လေးရက်တိုက်ခိုက်မှုတွင် ဒီးမော့ဆိုမြို့နယ်၊အနောက်ခြမ်းသို့ ဗုံး ရှစ် လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ရသေးသည်။