By MPA
စစ်ကိုင်းတိုင်း၊ ကသာမြို့မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၃၃ ဦးသေဆုံးပြီး သေနတ် ၅၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကသာမြို့ ခမရ ၃၀၉ မှ ထွက်လာသော ဗိုလ်မှူး လင်းထက် ဦးစီးသည့် ခမရ ၁၀၆၊ ၃၀၉ နှင့် ခလရ ၆ ပူးပေါင်းအင်အား ၁၅၀ ခန့်ပါသည့် စစ်ကြောင်းကို မတ်လ ၁၅ ရက်တွင် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်၌ တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁၀ ဦးလည်း ဒဏ်ရာရကာ ၃၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်တစ်စစ်ဒေသက ယနေ့ (မတ် ၂၁ ရက်) သတင်း ထုတ်ပြန်သည်။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် အင်းတော်သို့ စစ်ကူလာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို KIA ၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအပြီးတွင် သေနတ်များအပြင် ဗုံးသီး၊ ကျည်ဆန်နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်တစ်စစ်ဒေသက ထုတ်ပြန်သည်။