By Nway / MPA
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က စက်တပ်လေထီးနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၉ ရက်၊ ညနေ လေးနာရီခန့်တွင် မြောင်မြို့ပေါ် စစ်တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မြောင်မြို့တောင်ဘက် လှေတင်ဦးရွာမှ အမျိုးသားတစ်ဦးနှင့် မြောင်မြို့မြောက်ဘက် ကျည်ကုန်းရွာမှ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း Myaung Pdf Cdsom ထံက သိရသည်။
” လက်နက်ကြီးက ၈၁ မမ ဖြစ်မယ်။ ၆၀မမဆို လှေတင်ဦးဘက်က မရောက်နိုင်ဘူး။ မနေ့ကတိုက်ပွဲလည်း ဖြစ်တယ် ” ဟု Myaung Pdf Cdsom တာဝန်ခံ ကိုနွေဦးက MPA ကို ပြောသည်။
ထို့နောက် စက်တပ်လေထီးဖြင့် ထပ်မံဗုံးကြဲခဲ့ရာ မြောင်မြို့ပေါ်မှ ပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှစ်လုံးလည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
” မြို့ပေါ်က လေထီးနဲ့ချလို့ နှစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတာ။ လေထီးက နေအိမ်ပေါ်ကျတာပါ။ ကူးတို့ကုန်းအရှေ့ဖျားသုံးလုံးကျတယ်။ ” ဟု ၎င်းကပြောသည်။
ယင်းသို့ ပစ်ခတ်ခံရပြီးနောက် လှေတင်ဦးရွာနှင့် ကူးတို့ကုန်းရွာမှ ပြည်သူများ စစ်ရှောင်နေရကြောင်း သိရသည်။
ယနေ့ ( မတ်လ ၂၀ရက် ) နံနက်ပိုင်းတွင်လည်း မြောင်မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေပြီး စက်တပ်လေထီးဖြင့်လည်း ပတ်ဝဲနေကြောင်း သိရသည်။
မတ်လ၁၉ရက်၊ မြောင်မြို့နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေကိုမူ မသိရှိရသေးပေ။