By Nway / MPA
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ စစ်ကောင်စီ တပ်စွဲထားသောနေရာအနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြသိန်းတန်ဘုရား အနောက်ဘက်ရှိ ကောင်းမှုတော်စေတီငယ်နှင့် သာသနိက အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၁၉ ရက်၊ ည ၁၁ နာရီခန့်တွင် စစ်တပ်က မင်းကွန်းဒေသကို လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း People Servant Force ထံက သိရသည်။
” တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာပစ်သွားတာခင်ဗျ။ လူထိခိုက်မှုတော့မရှိဘူး။ မြသိန်းတန်စေတီပေါ်မှာက စစ်တပ်က တပ်စွဲထားတယ်။ သူတို့ ( စစ်တပ် ) အနီးအနားဝန်းကျင်ကိုပဲ ကြဲသွားတာဗျ ” ဟု People Servant Force မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်တပ်က သာသနိကအဆောက်အအုံများနှင့် အရပ်သားပြည်သူနေထိုင်ရာ နေရာများကို အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခြင်းသည် ပြည်သူကို အကြောက်တရားထည့်ပေးနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
” သူတို့ပုံစံကြည့်ရတာတော့ မီးကုန်ယမ်းကုန် ပြည်သူကိုပဲ မဲနေတာ။ ဒီလိုတွေလုပ်ပြရင် ပြည်သူက ကြောက်မယ်ထင်နေတာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက မင်းကွန်းဒေသ၊ မြသိန်းတန်စေတီတော်အနီးတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ၅၀၀၀ ခန့် ထွက်ပြေးခဲ့ရကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊မင်းကွန်းရွာ လမ်းမပေါ်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပျူစောထီးတစ်ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က မင်းကွန်းရွာနှင့် ရှားရောင်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။