By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသတွင် စစ်ကောင်စီက ဖုန်းလိုင်းများဖြတ်တောက်ထားပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်မှစ၍ စစ်ကောင်စီက ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောနှင့် ကျောမြို့နယ်တို့တွင် ဖုန်းလိုင်းများဖြတ်တောက်ထားခြင်းဖြစ်သည်။
“ အရင်ကဖုန်းလိုင်းရတဲ့နေရာတွေပါ ဒီရက်ပိုင်းထဲမှာ မရတော့ဘူး။ အင်တာနက်လည်း မရတော့ဘူး။ အထူးသဖြင့် MPT နဲ့ Atom Sim Card ပဲ သုံးလို့ရတာလေ။ Ooredoo ကလည်း ပေါ်လိုက်၊ ပျောက်လိုက်။ အခု အဲ့ဒါတွေလည်း မရတော့ အဆက်အသွယ်ခက်နေကြတယ်” ဟု ဂန့်ဂေါမြို့တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီက ဂန့်ဂေါခရိုင်အတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့ကြီးများမှ ကုန်ပစ္စည်းများဝယ်ယူရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း သိရသည်။
“ အရင်ကဆို ဖုန်းလိုင်းလည်းမိတော့ 4G မိတဲ့နေရာဆို Atom Wifi လေးတွေနဲ့ လိုင်းသုံးလို့ရသေးတယ်လေ၊ အခုကတော့ အကုန်လုံးကို အဆက်အသွယ်ပြတ်နေတော့တာ၊ လိုတဲ့ ကုန်ပစ္စည်းမှာလို့တောင် မရဘူး” ဟု ဆောမြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ယောဒေသအတွင်းရှိကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်း၊ ဂန့်ဂေါ ခလရ ၅၀ မှ ကျောက်ထုအမြောက်တပ်ရင်း (အမှတ် – ၃၆၈) သို့ လက်နက်၊ ရိက္ခာနှင့် လူအင်အား အင်အားဖြည့်တင်းခြင်၊ အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အင်ဂျင်တပ်လေထီး(Paramotor)များဖြင့် ဗုံးကြဲမှုများ ပိုမို လုပ်ဆောင်လာကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။
“ စစ်ကောင်စီက ကျောက်ထု၊ ဂန့်ဂေါဝန်းကျင်တဝိုက်မှာ စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ စက်တပ်လေထီးတွေ ပျံတာ မြင်ရတော့ ပြည်သူတွေကလည်း စိုးရိမ်နေကြတယ်” ဟု ၄င်းက ဆိုသည်။
ထို့ပြင် မတ် ၁၈ ရက်၊ ညပိုင်းတွင် ဂန့်ဂေါ ခလရ ၅၀ မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ပါ စစ်ကြောင်းသည် ရှောက်ပင်၊ လုံခြုံနှင့် ရှုံးရှီးကျေးရွာများကို ဝင်ရောက်တပ်စွဲခြင်းကြောင့် ဒေသခံများလည်း စစ်ရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မြစ်သာဆည်အနီးဝန်းကျင်ကို ဂျက်ဖိုက်တာအသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မတ် ၁၂ ရက်တွင်လည်း ဆိတ်ဖြူ ကပစ ၂၂ မှ စက်တပ်လေထီး(Paramotor) အသုံးပြု၍ ဆောမြို့နယ်တစ်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ က.ပ.စ ၂၁ သည် လေကြောင်းတိုက်ခိုက်မှုအတွက် ဗုံးသီးများထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်ပြီး၊ က.ပ.စ ၂၂ သည် M1၊ M2၊ M3၊ M4 ကဲ့သို့ လက်နက်ငယ်ထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ယောဒေသသည် ဒေသခံတော်လှန်ရေးအင်အားစုများ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ စစ်ကောင်စီတပ်မှ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့်ဒေသလည်း ဖြစ်သည်။