By Nway / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ စစ်ကောင်စီကင်းလှည့်ကားများကို PDFတို့ ပစ်ခတ်ခဲ့ရာ ငါးဦးသေဆုံးကြောင်းသိရသည်။
ယနေ့ (မတ်လ ၁၉ရက်) နံနက် ၁၁နာရီဝန်းကျင်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ ကင်းပတ်ထွက်လာသည့် ရဲကားတစ်စီးနှင့် အိမ်စီးကားနှစ်စီးကို မိုင်တိုင် ၃၁၉၌ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်လေးတပ်ရင်းထံက သိရသည်။
” သူတို့ ပတ်ကင်းပတ်တာကို ကားသုံးစီးနဲ့ပတ်တာ။ အမြန်လမ်းတစ်လျှောက်မှာ ထိုင်ထားတဲ့ စခန်းတွေက အများကြီးပဲဗျ။ ဘယ်စခန်းကပတ်တာလဲဆိုတော့ သေချာတော့မသိဘူး။ စစ်ကောင်စီကားတွေဆိုတာတော့သေချာတယ်။ အမြန်လမ်း လုံခြုံရေးဘာညာဆိုပြီး တပ်စွဲထားတာ အများကြီးရှိတယ်။ အပြန်အလှန်ပစ်ခတ်မှုကတော့ ၃၁၉နဲ့ ၃၁၈ကြားက ကင်းက ပြန်ပစ်တာရှိတယ်။ ကားပေါ်ကတော့ ပြန်မပစ်နိုင်ဘူး” ဟု မြင်းခြံခရိုင်အမှတ်လေးတပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအောင်မောင်းက MPA သို့ပြောသည်။
စစ်သားငါးဦး သေဆုံးခြင်းကို ဖြတ်သန်းသွားလာနေသည့် ပြည်သူများ၏ ပြောကြားချက်အရ သိရပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းကပြောသည်။
” ဖြတ်သွားဖြတ်လာ ပြည်သူတွေက ကျတော်တို့ကို ပြောတာတွေရှိပါတယ်။ မျက်မြင်ပေါ့နော်။ ငါးယောက်ကတော့ မျက်မြင်၊ အဲ့နားမှာတင်သေတယ်ပေါ့နော်။ ဒဏ်ရာရတာတွေလည်းရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ စစ်ကောင်စီတပ်က ကားများဖြင့် မကြာခဏကင်းပတ်လေ့ရှိ ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်လေး၊အမှတ် ၁၀တပ်ရင်းနှင့် မြစ်သားမြို့နယ်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။