By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာရှိ တပ်စခန်းအချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသော်လည်း ဆက်လက်ခုခံသွားမည်ဖြစ်ပြီး နောက်ဆုတ်ရန် မရှိကြောင်း TNLA မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ စစ်ကောင်စီတပ်သည် တောင်ခမ်းဘက်သို့ ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နောင်ချိုနှင့် ပြင်ဦးလွင်မြို့ကြားရှိ ရွာနှင့် နေရာအချို့ကို TNLA ဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
“ စစ်တပ်ဘက်က ထိုးစစ်လာတာဟုတ်တယ်။ ဒါပေမဲ့ ကျတော်တို့လည်း အတတ်နိုင်ဆုံး ခုခံတယ်။ ပြန်ဆုတ်တာ တော့မရှိဘူး။ ပြီးခဲ့တဲ့ တစ်ပတ် ၄၀၆ တပ်စခန်းအနီးက နားရှိုးရွာဘက်ကို စစ်ကောင်စီ ထိုးစစ်လုပ်လာလို့ နောက်ဆုတ်ပေးရတာရှိတယ်။ သို့သော်လည်း လုံးလုံးနောက်ဆုတ်ပေးတာမျိုးမရှိဘူး။ ကျတော်တို့မနိုင်ရင် ခဏ နောက်ဆုတ်လိုက်တယ်။ တစ်ရက်နှစ်ရက်ကြာရင် ကျတော်တို့ဘက်က ပြန်ပြီး ထိုးစစ်လုပ်တယ် ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် မတ် ၁၄ရက်တွင်လည်း အုမ္မတီးနှင့် တောင်ခမ်းရွာကြားရှိ တောင်ရှည်ကျေးရွာတွင် စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်ခဲ့မှုများလည်း ရှိသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးကြဲ တိုက်ခိုက်မှုကြောင့် TNLA ရဲဘော် ဆယ်ဦးခန့်သည် မူးမေ့အော့အန်မှုများဖြစ်ပွားခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထို့ပြင် မတ် ၁၄ရက်၊ နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက နောင်တောအုပ်စု ၊ ယာပြင်ရွာအနီးရှိ ကြံခင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ အမျိုးသမီး သုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
တောင်ခမ်းကျေးရွာအတွင်း နှစ်ဖက်တပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေမှုမှာ ငါးလကျော်ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါကျေးရွာအနီးရှိ အိမ်ခြေသုံးရာကျော်ရှိသည့် အုမ္မတီကျေးရွာမှ အိမ်ခြေနှစ်ရာကျော် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် ကြံစိုက်ခင်းဧက တစ်ထောင်ကျော်ကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
“ ဘယ်သူမှလည်း မပြန်ရဲဘူး။ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ၊ ဒီနေ့ပဲ အသံမကြားတာ ပြီးခဲ့တဲ့ရက်တွေဆိုရင် နေ့နေ့ညည တစ်နေကုန်တိုက်ပွဲဖြစ်နေတာ၊ ပြီးခဲ့တဲ့ မတ် ၁၆ရက်မှာလည်း ရွာပြန်တဲ့ ဒေသခံနှစ်ဦး သေနတ်နဲ့ ပစ်ခံရသေးတယ်။ ပလောင် စစ်သားတွေ ပစ်တာလို့ပြောတယ်။တိုက်ပွဲဖြစ်လို့ အဲ့ဒီဘက်ကို ပလောင်စစ်သားတွေက ပေးမသွားဘူး။ ဒီသတင်းက ဘယ်သူမှ မသိဘူး ” ဟု အုမ္မတီးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ TNLA စစ်သားများကသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အုမ္မတီးရွာလမ်းခွဲနေ ဦးအိုက်မြစ်နှင့် ဦးထွန်းအောင်တို့သည် ခြေထောက်များ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းအပြင် စစ်ကောင်စီက မတ် ၁၆ရက်၊ ညနေ ငါးနာရီခန့်တွင် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သံဃာခြောက်ပါးအပါအဝင် ဆယ်ဦးခန့်သေဆုံးပြီး ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
“ ဗုံးကြဲပြီးနောက် အသွားအလာသိပ်မရှိတော့ဘူးဗျ၊ မနက်အစောပိုင်းပဲ လူစည်တယ်။ နေ့လယ်ဆိုရင် လူမရှိတော့ဘူး။ တချို့ကတော့ ထွက်ပြေးကုန်တယ်။ အိမ်မှာမနေရဲဘူး။ ဘယ်အချိန် ဗုံးလာကြဲမှန်းမသိဘူးလေနော်၊ စစ်တပ်က ဘုန်းကြီးကျောင်းတွေကိုပါကြဲတော့ ဘယ်နေရာမှ မလုံခြုံတော့ဘူး။ အဲ့ဒါကြောင့် ကျတော်တို့လည်း မြို့နဲ့ဝေးရာ ခဏရှောင်ထားတယ်။ ဒီနေ့မြို့ထဲ အခြေအနေတော့ မသိရဘူး။ ဖုန်းလိုင်းလည်းမရှိဘူး ” ဟု နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
နောင်ချိုမြို့ကို TNLA ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်ခြင်းကြောင့် သံဃာတော်များအပါအဝင် အရပ်သား တစ်ရာနီးပါးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နောင်ချိုမြို့ကို TNLA က ၂၀၂၄ခုနှစ်၊ ဇူလိုင် ၁၀ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။