By Nway / MPA
ယခုနှစ်အတွင်း မြင်းခြံမြို့ပေါ်၌ စစ်ရေးမစ်ရှင်လေးခု လုပ်ဆောင်ခဲ့ပြီး စစ်အုပ်စုဝင် ၁၀ ဦး ခန့် သေဆုံးခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၂၁ ရက်တွင် မြင်းခြံ၊ အမှတ်နှစ်ရဲစခန်းမှ ဆက်ကြေးထွက်ကောက်သည့် ရဲများကို မိုင်းဖြင့် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၂၅ ရက်နှင့် မတ်လ သုံးရက်တွင် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်မှုနှစ်ကြိမ်နှင့် မတ်လ ၁၇ ရက်က ခမရ ၁၅ ဂိတ်ကို အနီးကပ်ဝင်ရောက် ပစ်ခတ်မှုတစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း Myingyan Black Tiger အဖွဲ့ထံမှသိရသည်။
” စစ်ကောင်စီဘက်ကတော့ ဘန်ကာ၊ ကတုတ်ကျင်းတွေနဲ့ ခဏခဏအတိုက်ခံရတော့ ပြင်ဆင်ထားတာရှိသလို ဒရုန်းအတွက် ဗုံးခိုကျင်းတွေလည်း ပြင်ဆင်ထားတာရှိတယ်။ တိုက်ပွဲပြီးရင်လည်း လက်နက်ကြီးနဲ့ မြင်းခြံဘေးပတ်လည်ကရွာတွေကို ပစ်ခတ်တာရှိတယ်” ဟု Myingyan Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPA သို့ပြောသည်။
မြို့ပေါ်မစ်ရှင်များပြုလုပ်ရသည်မှာ ခက်ခဲသော်လည်း မဟာမိတ်ရဲဘော်များနှင့် စည်းလုံးစွာလုပ် ဆောင်နိုင်ခဲ့သည့်အတွက် အခက်ခဲများကို ကျော်လွှားနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။
မြင်းခြံမြို့ပေါ်၌ စွန်လွန်းကျောင်း၊ စက်မှုဇုန်၊ အမှတ် ၁၈ ရပ်ကွက်ဂိတ်၊ ခရမ ၁၅၊ ကျောက်ရုံးကြီး၊ အမှတ် တစ်၊ နှစ်၊ ရဲစခန်းနှင့် အထက နှစ် တို့တွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲ ထားကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်တွင် မြင်းခြံမြို့ထိပ်ရှိ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ-၁၅ တပ်ရင်း ဂိတ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။