By Hlaing / MPA
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ G12 စာမေးပွဲပြီးလျှင် တိုက်ပွဲဖြစ်နိုင်သည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းစ၍ အဆိုပါသတင်းများထွက်ပေါ်နေခဲ့ပြီး မလှိုင်မြို့ပေါ်၌လည်း ညစဥ်ညတိုင်းနီးပါး ပစ်ခတ်သံများလည်း ခပ်စိတ်စိတ်ကြားရကြောင်း သိရသည်။
“ မနေ့(မတ် ၁၇ ရက်)က G12 တွေ စဖြေတယ်လေ။ ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတယ်။ စာမေးပွဲဖြေနေတဲ့အချိန် တစ်ခုခုဖြစ်မှာကို စိုးရိမ်နေကြတယ်။ အ.ထ.က နဲ့ မြို့မရဲစခန်းက မျက်နှာချင်းဆိုင် ရှိတာလေ” ဟု မလှိုင်မြို့တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
မလှိုင်မြို့နှင့် မိုင် ၃၀ ကျော်ခန့်ကွာဝေးသည့် မြင်းခြံ၊ တောင်သာမြို့နှင့် ရုံးစည်ကြီးကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီး မလှိုင်မြို့နယ်အတွင်းသို့ တိုက်ပွဲများကူးစက်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေသည်။
“ မြို့အနောက်ဘက်ဆိုရင် ထန်းတော၊ အုတ်ကျင်း၊ တောင်ဘက်မှာဆို ဖိုးစင်ကုန်း၊ တောင်ရိုးတဲ၊ မြောက်ဘက်က ဘုရားကုန်းတော်၊ အရှေ့ဘက်မှာဆိုရင် ကိုစာကြီးလမ်းခွဲတွေမှာ ရဲတွေကလည်း စစ်ဆေးတယ်။ ညပိုင်းတွေဆိုလည်း ဒီမတ်လထဲမှာပဲပေါ့နော်၊ အဲ့ဒီ့နေရာတွေကနေ အသံအကျယ်ကြီးတွေ ကြားရတာ” ဟု အုတ်ကျင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ မလှိုင်မြို့ဝန်းကျင် အနီးတဝိုက်၌ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင် သတ်ဖြတ်ခံရမှုများ ရှိနေသော်လည်း စစ်တပ်ထောက်ခံသူများအနေဖြင့် အစားထိုးဝင်ရောက်လုပ်ကိုင်နေကြ၍ အုပ်ချုပ်ရေးယန္တရားဆက်လက်လည်ပတ်နိုင်ခြင်းဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပြုသည်။
“ ကျောက်တန်း၊ ဆည်တိုရွာဘက်က အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဝန်ထမ်းတွေ အသတ်ခံရတာ အတော်များတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို လက်စွေ့ရွာနားမှာ ရဲနှစ်ယောက် အသတ်ခံရတယ်။ အခုချိန်ထိတော့ တိုက်ပွဲဖြစ်တာမျိုးမရှိပေမဲ့ အခြေအနေက ခန့်မှန်းလို့မရဘူး ဖြစ်နေတယ်” ဟု မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ဒေသခံများအနေဖြင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ရန် ဗုံးခိုကျင်းများတူးချင်ကြသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗုံးခိုကျင်းတူးထားသည့်နေအိမ်များကို လိုက်လံဖမ်းဆီးကာ ငွေညှစ်ခြင်းများ လုပ်ဆောင်နေ၍ ဗုံးခိုကျင်းများ တူးထားနိုင်ခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း မလှိုင်မြို့ပေါ်၌ လေယာဥ်များပျံသန်းခြင်း၊ စက်တပ်လေထီး(Paramotor) များ ပျံသန်းခြင်း၊ မလှိုင်မြို့မရဲစခန်းက ညစဥ်နီးပါး သေနတ်ပစ်ဖောက်ခြင်း၊ မလှိုင်နယ်ကို ဖြတ်၍ လေထီးအသုံးပြုကာ တောင်သာနယ်ဘက်သို့ စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းတို့ကြောင့် မြို့ပေါ်နေ ပြည်သူများအနေဖြင့်လည်း ကြောက်ရွံနေကြောင်း ဒေသခံများထံမှ သိရသည်။
မလှိုင်မြို့နှင့် ၂၂ မိုင်သာ ကွာဝေးသည့် မိတ္ထီလာမြို့တွင်လည်း စစ်ကောင်စီ၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ လေကြောင်းနှင့် မြေပြင် အတက်သင်လေတပ်စခန်း (လမသ)၊ အမြောက်တပ်ရင်းများ၊ ကုတင် ၅၀၀ စစ်ဆေးရုံနှင့် ရဲသင်တန်းကျောင်းများတည်ရှိနေပြီး၊ စစ်ကောင်စီတပ် အားကောင်းရာ ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်တွင် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သေးသည်။