By Nway / MPA
နောင်ချိုနှင့် စဉ့်ကူးမြို့နယ်အတွင်း ပြည်သူကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ( မတ်လ ၁၇ရက် ) သတင်းထုတ်ပြန်သည်။
မတ်လ ၁၆ ရက်နေ့ ညနေ ငါးနာရီခွဲခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် နှစ်ပါး၊ အသက် ၁၈ နှစ်အောက် ကိုရင် ငါးပါး၊ အရပ်သား ပြည်သူ အမျိုးသား တစ် ဦးနှင့် အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၀ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း
မတ်လ ၁၄ ရက်နေ့ ညနေပိုင်းကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ စျေးကို လေကြောင်း တိုက်ခိုက်ခဲ့ရာ လေးလသား ကလေး တစ်ဦးအပါအဝင် ကလေးသူငယ် စုစုပေါင်း ခြောက်ဦးနှင့် အရပ်သားပြည်သူ ၂၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန(MOHR)က ဆိုသည်။
“အဲဒီတိုက်ခိုက်မှုတွေက မှားပြီးဗုံးကြဲချမိတာမျိုး လုံးဝမဟုတ်ဘူး။ရည်ရွယ်ချက်ရှိရှိ ကြဲချတာ။ဂျက်ဖိုက်တာတွေမှာ ‘မပည’ လို့ခေါ်တဲ့ မြေပုံညွှန်းမှာ လတ္တီကျု၊လောင်ဂျီကျု ထည့်ပြီး ကြဲ တာ။မှားပြီး ကြဲတာမဟုတ်ဘူး”ဟု CDM လေတပ်အရာရှိတစ်ဦးက MPAသို့ ပြောသည်။
၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်အထိ MOHR က မှတ်တမ်းတင်ထားသော အချက်အလက်များအရ စစ်အုပ်စုသည် အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု ၂၁၉၀ မှု ပြုလုပ်ခဲ့ပြီး ထိုသို့ တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း ၃၇၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
စစ်တပ်သည် အများပြည်သူဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းအား မဟာဗျူဟာ တစ်ရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြောင်း MOHR က ဆိုသည်။
နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်ရုံတင်မက ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတကာစံချိန် စံနှုန်းများ၊ နိုင်ငံတကာစာချုပ်များကို ပြင်းထန်စွာချိုးဖောက်နေသည့် စစ်အုပ်စုအား နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် နိုင်ငံတကာ တရားစီရင်မှုယန္တရားများက အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြပါရန် လူ့အခွင့်အရေးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများကို ကြိုးပမ်းလုပ်ဆောင်နေသော နိုင်ငံများအား တိုက်တွန်းကြောင်း MOHR ကဆိုသည်။