By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ်ကြဲချသည့်ဗုံး အိမ်ပေါ်တည့်တည့်ကျကာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်းသိရသည်။
မတ်လ ၁၆ ရက် ည ၁၀ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ အရှေ့တောင်ခြမ်း စဉ့်ကိုင် (မြောက်ရွာ) သို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လသားအရွယ်ကလေးငယ်တစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်းသိရသည်။
” တိုက်ပွဲဖြစ်တာ ဘာမှမရှိဘူး။ ဒီတိုင်းပဲ လာလုပ်သွားတာ။ အိမ်ထဲမှာ အိပ်နေတဲ့အချိန်လာကြဲသွားတာ။ အိမ်ပေါ်တည့်တည့်ကျတာ” ဟု ဝက်လက်မြို့နယ်သတင်းများ မျှဝေပေးနေသည့် ကိုဖေဖော်ဝါရီဝမ်းက MPA သို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။
“ သူတို့က လောလောဆယ်တော့ ဆေးကုသမှုခံယူနေတယ်။ စိုးရိမ်ရတဲ့ အခြေအနေဘက်တော့ သိပ်ပြီးမတွေ့ရသေးဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ဒဏ်ရာရသူများမှာ ဗုံးကျသည့်အိမ်အနီး နေထိုင်ကြသူများဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်သုံးလုံးလည်း ပျက်စီးခဲ့ကြောင်းသိရသည်။