By Hsu Yee / MPA
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ကင်းပတ်ထွက်လာသည့် ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မတ်လ ၁၆ ရက် နံနက်ပိုင်း၌ ပေါက်မြို့နယ်တောင်ပိုင်း တပ်ကုန်းပျူရွာမှ ပျူခေါင်းဆောင် သာအောင်နှင့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးတို့ ရွာအပြင်ဘက် ကင်းပတ်ထွက်လာစဉ် PDF တပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပေါက်မြို့နယ်တောင်ပိုင်းရှိဒေသခံတစ်ဦးထံက သိရသည်။
“တပ်ကုန်းအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပြီး ပျုခေါင်းဆောင်အပါအဝင်နှစ်ယောက် ကင်းသဘောမျိုးအပြင်ထွက်လာတာကို PDF တွေဘက်ကလှမ်းပစ်ရင်းနဲ့ အပြန်အလှန်ပစ်ခတ်ကြတာ” ဟု ပေါက်မြို့နယ်တောင်ပိုင်းမှ ဒေသခံတစ်ဦးက MPA သို့ပြောသည်။
ယင်းနေ့ ည ခုနှစ်နာရီဝန်းကျင်၌ ပေါက်တောင်ပိုင်းရှိ တပ်ကုန်းရွာနှင့်ဇီးတောရွာ အနီးတဝိုက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနက်ကထိတွေ့မှု နည်းနည်းဖြစ်တယ်။ အဲ့ဒါကြောင့်မို့ လာပစ်တာလို့ ယူဆတာပေါ့ဗျာ။တောင်ဘက်ကြီးကျေးရွာ ဇရပ်နားကိုကျတာပေါ့နော်။လူနေအိမ်တွေနဲ့ လူတွေတော့ အထိခိုက်မရှိပါဘူးဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ပေါက်တောင်ပိုင်းရှိ ပေါက်နှင့်ဆိပ်ဖြူအစပ်တွင် ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး များနှင့် ကင်းပတ်ခြင်းများရှိကြောင်း သိရသည်။
ပျူစောထီးနှစ်ဦး သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။