By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲရှိ အမြောက်တပ်မှ စစ်ကြောင်းထိုးမှု မကြာခဏ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ ထိတ်လန့်နေကြကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်ရင်း (အမှတ် – ၃၆၈) မှ ကျောက်ထုမြို့အနီးဝန်းကျင်ရှိကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
“ မင်းတပ်မြို့ကို သိမ်းပြီးကတည်းက စစ်ကောင်စီက ကျောက်ထုမြို့ထဲနဲ့ မြို့ဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးနေတာဗျ၊ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ စစ်ကြောင်းထွက်ပြီဆိုရင် ရွာသားတွေကတော့ ကြောက်တာပေါ့” ဟု ဒေသတွင်းအခြေအနေကို သိရှိသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ စစ်ကြောင်းထိုးနေမှုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများကြောင့် ကျောက်ထုမြို့ရှိအမြောက်တပ်ရင်းနှင့် ငါးမိုင်ခန့်သာ ကွာဝေးသည့် လက်ပန်း၊ ပဆုပ်၊ ငှက်ချောင်၊ ကံအိုးနှင့် ကွမ်းခင်းကျေးရွာများမှ ပြည်သူများလည်း ထိတ်လန့်နေကြကြောင်း သိရသည်။
“ ကျောက်ထုအမြောက်တပ်ကနေ ပစ်တော့ လက်ပန်းရွာက သူ့ဟာသူဖုန်းသုံးနေတဲ့ ကောင်လေးလည်း လက်နက်ကြီးမှန်ပြီး သေသွားတာ ရှိခဲ့တယ်။ လက်ပန်းရွာကချည်းပဲ သုံးယောက်လောက် သေဖူးတယ်။ အမြောက်တပ်ကနေ ပစ်လို့” ဟု ဒေသခံကျေးရွာသားတစ်ဦးက ဆိုသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက်မှစ၍ ယနေ့(မတ် ၁၇ ရက်) အထိ ကျောက်ထုမြို့၏ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ တည်ရှိသည့် သရက်ချဥ်၊ ငလွန်းနှင့် အကြည်ပန်းပလွန်းကျေးရွာအပါအဝင် ဆယ်ရွာခန့်ကို စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
“ အမြောက်တပ်ဝန်းကျင်ကရွာတွေကို စစ်ကြောင်းလှည့်ထိုးနေတာ။ မြို့ထဲမှာလည်း ပေါ်တာဆွဲတာတွေရှိတယ်။ ပန်းဆန်ရွာကိုတောင်မှ မသွားရဲတော့ဘူး” ဟု ကျောက်ထုမြို့အနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၄င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်၌ မြေမြှုပ်မိုင်းများထောင်ခဲ့မည်ကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံတောင်သူများက ဆိုသည်။
ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ်ခွဲရှိ ပြည်သူများအနေဖြင့် စစ်ရှောင်နေရသည်မှာ အချိန်ကာလအားဖြင့် သုံးနှစ်ဝန်းကျင်ကြာမြင့်လာပြီဖြစ်၍ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးတို့လည်း အဘက်ဘက်မှချို့ယွင်းမှုများစွာ တွေ့ကြုံနေရကြောင်း သိရသည်။
“ မင်းကြည့်၊ နတ်ရဲရွာတွေဘက်ကဆို တချို့လည်း အခြားရွာကို စစ်ရှောင်လာကြတယ်။ အခု စစ်ရှောင်နေရတဲ့ ရွာတွေဘက်မှာပါ ဘယ်လိုအခြေအနေမှန်းမသိတော့ အရင်ကထက်ပိုခက်ခဲလာကြတာပေါ့” ဟု အမည်မဖော်လိုသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ယောဒေသတွင် ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ်ခွဲတို့ တည်ရှိကာ ဂန့်ဂေါမြို့နယ်တွင် ခလရ ၅၀ တပ်ရင်း၊ အမြောက်တပ်၊ မြောက်ခင်ရန်းကျေးရွာ၌ လက်နက်ကြီးအထိုင်စခန်းနှင့် ပျူစောထီးကျေးရွာ ၁၀ ရွာခန့်၊ ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရဲစခန်းနှင့် ရေမျက်နီရဲစခန်း၊ ဆောမြို့ပေါ်၌ စစ်ကောင်စီ အထိုင်တပ်စခန်းတစ်ခုနှင့် လောင်းရှည် ကပစ ၂၅၊ ကျောက်ထုမြို့နယ်ခွဲတွင် အမြောက်တပ်ရင်း (အမှတ် – ၃၆၈)နှင့် ကျောမြို့တွင် ကပစ ၂၃ တစ်ခုသာကျန်ရှိပြီး၊ ကျန်ရှိသည့် ကျေးရွာများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ယောဒေသသည် ဒေသခံတော်လှန်ရေးအင်အားစုများ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ စစ်ကောင်စီတပ်မှ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့်ဒေသလည်း ဖြစ်သည်။