By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်ကောင်စီကင်းပတ်ကား မိုင်းဆွဲခံရပြီး သုံးဦး ပွဲချင်းပြီး သေဆုံးကြောင်းသိရသည်။
မတ်လ ၁၅ ရက်၊ ညခုနှစ်နာရီဝန်းကျင်တွင် ရေဦးမြို့ပေါ်၊ ဗိုလ်အောင်ဇေယျရပ်ကွက် အတွင်း ကင်းလှည့်ထွက်လာသည့် အင်အား ၃၀ ပါ ကားသုံးစီးကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
” သူတို့ (စစ်ကောင်စီတပ်) မနေ့က သူတို့အစီအစဉ်က ဒီမနက်သိရတာတော့ ကားသုံးစီးနဲ့ ပေါ်တာ ဆွဲမယ့် အစီအစဉ်ဗျ။ ရပ်ကွက်အဖျားလေးကို ပေါ်တာဆွဲမှာ။ ခါတိုင်းလည်း အဲ့နားလေးကို ရပ်တတ်တော့ ကျတော်တို့က မိုင်းချထားတာပေါ့။ အဲ့မှာ ပေါ်တာဆွဲမလို့ ဆင်းအလာမှာ မိုင်းဆွဲလိုက်တာ ” ရေဦးမြို့နယ်ပကဖတာဝန်ခံက MPA သို့ပြောသည်။
မိုင်းဆွဲခံရပြီး ပျက်စီးသွားသည့် ကားနှစ်စီးမှာ ယနေ့နံနက်ပိုင်းအထိ မိုင်းထိသည့်နေရာ၌သာရှိ နေသေးကြောင်း သိရသည်။
” နှစ်စီးကတော့ ပျက်စီးသွားတယ်။ တစ်စီးကတော့ မောင်းရတယ်။ ဒရိုင်ဘာကသေတာလား ဘယ်လိုကြောင့်လဲ မသိဘူး။ နှစ်စီးကတော့ မနက်ကထိတော့ ဘာမှထူးခြားတာမတွေ့ရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်သားများသည် ရပ်ကွက်အစွန်ရှိ လယ်တောထဲသို့ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။