By Mg Dagon / MPA
စစ်ကောင်စီ၏တစ်ခုတည်းသော အားသာချက်ဖြစ်သည့် လေကြောင်းမှ ယခုနှစ် ဖေဖော်ဝါရီ တစ်ရက်မှ ၂၈ ရက်အထိ တစ်လအတွင်း လေကြောင်းမှ ၂၁၃ ကြိမ်အထိတိုက်ခိုက်ခဲ့ရာတွင် အရပ်သား ၁၄၂ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ပြုစုထားသည့်စာရင်းအရ သိရသည်။
ထိုအထဲ ၁၈ နှစ်အောက် ၂၂ ဦး၊ ၁၈ နှစ်အထက် ၆၁ ဦးနှင့် အသက်မခွဲခြားနိုင်သူ ၅၉ ဦးဖြင့် စုစုပေါင်း ၁၄၂ ဦးသေဆုံးခဲ့ရသည့်အပြင် ၃၆၈ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန(MoHR)က ယနေ့ မတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင် နေအိမ် ၂၁၉ လုံး၊ ကျောင်း ၁၂ ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ ၂၇ လုံးနှင့် ကျန်းမာရေးအဆောက်အအုံ ၁၅ လုံးတို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်ခံရမှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များအားကောင်းသည့် စစ်ကိုင်းတိုင်းက အများဆုံးအနေဖြင့် တိုက်ခိုက်ခံရမှု ၆၈ ကြိမ်အတွင်း သေဆုံးသူ ၄၈ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၁၅ ဦးရှိခဲ့ကြောင်း MoHR ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ခံစားရတာတော့ ငယ်စဉ်ဘဝက လေယဉ်သံကြားရင်ကို ပျော်နေရတာ။ ခုတော့ ဒီအသံကြားရင်ကို စိတ်မလုံခြုံသလို နေထိုင်မှုကတော့ အကာအကွယ်မဲ့နေတဲ့ပြည်သူတွေရဲ့ဘဝ ကိုယ်တိုင်ခံစားနေရတာပေါ့” ဟု မြိုင်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်သည် ယခု မတ်လ နှစ်ပတ်တာအတွင်းမှာလည်း နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။
ယမန်နေ့ မတ်လ ၁၄ ရက် မွန်းတည့်ပိုင်းတွင် ဗုံးဆက်တိုက်ကြဲခံနေရသည့် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ဆူးဝင်းနှင့် ဝယ်တောင်(တ)ရွာတို့အတွင်းသို့ ဂျက်ဖိုက်တာ သုံးစင်းဖြင့် တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးသည့်အပြင် ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့အပြင် ယမန်နေ့ ညနေပိုင်းမှာလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂၇ ဦးအထိ သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
MoHR ၏ ဖေဖော်ဝါရီလအတွက် ထုတ်ပြန်ချက်အတွင်း တစ်နိုင်ငံလုံးတွင် အစုလိုက်အပြုံလိုက်သေဆုံးရမှု ၁၀ ခုရှိခဲ့ရာ၌ လူ ၇၀ သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီတပ်၏ ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၆၀၄ မှုအထိ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးအနေဖြင့် ၁၂၄ မှုအထိရှိခဲ့သည်ဟု သိရသည်။
“ဒီဘက်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ ထမင်းစားရေသောက်ထက်တောင် လွယ်ပါသေးတယ်။ နေ့စဉ်ချိုးဖောက်ခံနေရတာ။ အခုအကြိမ်ရေက နည်းတောင်နည်းဦးမယ်” ဟု စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတို့ကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲပြီး စစ်ကောင်စီ၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်အတွင်း ပြောဆိုထားသည်။