By Ra Wai / MPA
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြိုနယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ပူးလူးတူခြေကုပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးသွားကြောင်း ကေအဲန်ယူဗဟိုက ယနေ့ (မတ် ၁၅ ရက်) သတင်းထုတ်ပြန်သည်။
မတ်လ ၁၄ ရက်တွင် ခလရ ၃၁ ပွိုင့် ၁၂၄၈ ပူးလူးတူစခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်တို့က အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံထဲသို့ စစ်သား ၁၁ ဦး ထွက်ပြေးလွတ်မြောက်သွား ကာ ၎င်းတို့နှင့်အတူ လက်နက်ငယ်နှစ်လက်၊လက်ပစ်ဗုံးတစ်လုံး ပါသွားကြောင်း သိရသည်။
“မှတ်မှတ်ရရ ၂၀၂၄ မတ်လတုန်းက သောင်ရင်းမြစ်ဘေးက ဖလူးကြီးစခန်းကို KNLA က သိမ်းခဲ့ဖူးတယ်။ အခု ပူးလူးတူစခန်းကလည်း ဖလူးကြီးစခန်းလိုပဲ ထိုင်းနယ်စပ်က အရေးပါတဲ့ စစ်တပ်စခန်းပဲ။ ဖလူးကြီးစခန်းကို သိမ်းတုန်းကလည်း စစ်သားတွေ ထိုင်းထဲ ဝင်ပြေးခဲ့ဖူးတယ်။ အစဉ်အလာအရဆိုရင် ထိုင်းထဲဝင်ပြေးတဲ့ ပူးလူးတူစခန်းက စစ်သားတွေကို ထိုင်းစစ်တပ်က စစ်ကောင်စီကို ပြန်လွှဲပေးမှာပေါ့” ဟု ကေအဲန်ယူ၊ တပ်မဟာခြောက် နယ်မြေအတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ကေအဲန်ယူဗဟိုက ထုတ်ပြန်သော ပူးလူးတူစခန်းသိမ်း မှတ်တမ်းဓာတ်ပုံများအရ သေနတ် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း တွေ့ရသည်။
ယင်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်သုံးဦး ကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က နှစ်ပတ်ကျော်ကြာ အပြင်းအထန်တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူများစွာပေးကာ ခုခံခဲ့ကြောင်း ကေအဲန်ယူ၊ တပ်မဟာခြောက်အတွင်းရှိ တော်လှန်ရေးရဲဘော်က ပြောသည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက် ညနေပိုင်းတွင် ၃၅ နှစ်ကြာလက်လွှတ်ခဲ့ရသည့် ဖလူးကြီးစခန်းကို KNLA နှင့် ပူးပေါင်းတပ်တို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
လူးတူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။