By Bala / MPA
စစ်ကောင်စီတပ် သိမ်းထားသည့် မိုးဗြဲရှေ့ကင်းစခန်းတစ်ခုကို ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်သား အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
မတ်လ ၁၃ ရက်တွင် စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရှေ့တန်းကင်းနေရာအချို့ တပ်ဆုတ်ပေးခဲ့ရပြီးနောက် မတ်လ ၁၄ ရက်၌ တော်လှန်ရေးအင်အားစုများက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ်ကိုးလက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNDF B03 က သတင်းထုတ်ပြန်သည်။
“KNDF ကာကင်းတစ်ခုကို ပြန်ပြီးတော့ ချေမှုန်းရေးတက်လုပ်ပြီးတော့ နေရာပြန်ယူတယ်။ သေနတ်တွေသိမ်းမိတယ်။အနိုင်ရတယ်ပေါ့။ KNDF တစ်ခုတည်းမဟုတ်ဘူး၊ မဟာမိတ်တပ်ဖွဲ့တွေလည်းပါတယ်။ သေတဲ့စစ်သားတွေက နယ်မြေခံတပ်တွေအပြင် စခခလက်အောက်ခံတပ်တွေလည်းပါတယ်။ စစ်ကောင်စီက အလောင်းတွေကိုလာကောက်တာလည်း မရှိဘူး၊ အဲ့တော့ကျတော်တို့ပဲ မီးရှို့သင်္ဂြိုဟ်ပေးရတယ်” ဟု KNDF (ဗဟို) သတင်းနှင့် ပြန်ကြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ပွဲအတွင်း KNDF B03 မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာမှစ၍ ယနေ့အထိ မိုးဗြဲကိုရရှိရန် စစ်ကောင်စီတပ်က လူအင်အားနှင့် ဒရုန်းများအပါအဝင် လက်နက်အင်အားသာလွန်စွာအသုံးပြု၍ ထိုးစစ်ဆင်လျက်ရှိရာ တော်လှန်ရေးအင်အားစုများဖြစ်ကြသော ရှမ်းတောင်စစ်ဒေသခွဲ အမှတ် (၁) ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် အခြားတပ်ပေါင်းစုများက ခုခံတွန်းလှန်လျက်ရှိကြောင်း KNDF B03 ကသတင်းထုတ်ပြန်ထားသည်။
မိုးဗြဲတိုက်ပွဲတွင် စစ်တပ်က ဓာတ်ငွေ့ဗုံးများပစ်ခတ်ခြင်းနှင့် မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ပြီး မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်မှုကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်များ၌ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။