By Ko Paing / MPA
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ရှိကြောင်း MDY-PDF က ထုတ်ပြန်သည်။
ယနေ့ (မတ် ၁၄ ရက်) မွန်းလွဲသုံးနာရီဝန်းကျင်တွင် စဥ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ၊ မန္တလေး-မိုးကုတ်လမ်းမပေါ်ရှိ လူစည်ကားရာ စျေးဆိုင်တန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ နေအိမ် ၁၀ လုံးခန့်ပျက်စီးသွားကြောင်းလည်း သိရသည်။
“မန္တလေး-မိုးကုတ်လမ်းမပေါ်က စျေးဆိုင်တန်းကို နေ့လယ် သုံးနာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး နှစ်လုံးကြဲချသွားတာပါ။စက်သေနတ်နဲ့တော့ပစ်တာမဟုတ်ပါဘူး” ဟု MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန် က MPA သို့ပြောသည်။
MDY-PDF အနေနှင့် ဒဏ်ရာရရှိသူများကို ဆေးဝါးကုသနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
“လက်ပံလှရဲစခန်းရဲ့ အနောက်ဘက် ကားလမ်း၊ ကိုကျော်ကြီး လက်ဖက်ရည်ဆိုင်နားကို ကျတာ။ အဲ့နားမှာ ရွှေဆိုင်တွေလည်းရှိတယ်။ ထိခိုက်ပျက်စီးမှုတွေများတယ်။ ဗုံးကြဲတဲ့အချိန်က လူစည်တဲ့အချိန်မှာ ကြဲလိုက်တာ။ ကျတော်တို့ ထင်တာကတော့ ပေါင် ၅၀၀ (ပေါင် ၅၀၀ ဗုံး) လို့တော့ ထင်တယ်” ဟု လက်ပံလှဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ လေးရက်ကလည်း စဥ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ပြည်သူ နှစ်ဦးသေဆုံးခဲ့သေးကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် နယ်မြေများတွင် ပြည်သူကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက တစ်စထက်တစ်စ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာကြောင်းလည်း MDY-PDF ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇ ရက်တွင် စဥ့်ကူးမြို့နယ်တစ်ခုလုံးကို MDY-PDF အပါအဝင် တော်လှန်ရေး တပ်ဖွဲ့ များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။