By Ra Wai / MPA
နွေဦးတော်လှန်ရေး၏ တတိယအဆင့်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်ကြီး တပ်ရပ် ဆင်နွှဲကြရမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောကြားလိုက်သည်။
မတ်လ ရှစ်ရက်၊ PDF တပ်မှူးသင်တန်းသင်တန်းဆင်းပွဲသို့ NUG ကာကွယ်ရေးဝန်ကြီး ပေးပို့သောသဝဏ်လွှာ၌ ယင်းသို့ ဖော်ပြထားသည်။
တော်လှန်ရေးစောပိုင်းကာလ၌ တစ်ဖက်က တပ်တည်ဆောက်ရင်း တစ်ဖက်က တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့်ကြိုပမ်းခဲ့ကြပြီး ဒုတိယအဆင့်အနေဖြင့် ထုအင်အားစုစည်း၊ မဟာဗျူဟာထိုးစစ်ဆင်ရင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲသည့်အတွေအကြုံကိုရယူနိုင်ခဲ့ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
” ဒါဆိုရင် တတိယအဆင့်က ဘာဖြစ်မလဲ၊ PDF ပကဖနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီ အင်အားနှင့် အထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲကြဖို့ ဖြစ်လိမ့်မယ်။ ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ ငါတို့ယုံကြည်တယ်” ဟု ဦးရည်မွန်ကဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်ရာ၌ အဓိကရည်ရွယ်နှစ်ရပ်မှာ လက်နက်ကိုင်နွေဦးအင်အားစုအားလုံးကို အလံတော်တစ်ခုအောက်၌ စုစည်းရင်း ပြည်သူ့တော်လှန်ရေးတပ်ရပ်ဆင်နွှဲရန်နှင့် စနစ်ပြောင်းရေး ဦးတည်သည့် တော်လှန်ရေးဖြစ်သည့် အားလျော်စွာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် လျော်ညီသည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်သည့်အခါ ရှေ့ပြေးအမြုတေဖြစ်စေရန် ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။
စစ်ကိုင်းတိုင်း ၊မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှ သင်တန်းသား ၁၁၅ ဦး တက်ရောက်ခဲ့သော တပ်မှူး သင်တန်းဆင်းပွဲကို မတ်လရှစ်ရက်တွင် NUG အစိုးရ၏ အုပ်ချုပ်ရေးနယ်မြေတစ်နေရာ၌ ကျင်းပခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(မတ်၁၃ရက်)သတင်းထုတ်ပြန်သည်။
တပ်မှူးသင်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။