By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ရှုံးပြီးပြန်လာသည့် စစ်သားများကို စစ်တပ်က ရိုက်နှက် ပြီးလက်ထိပ်ခတ်ကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မတ်လ ကိုးရက်က နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းမှ ထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကျားတွင်းဘို့ရွာအနောက်ဘက်၌ PDF တပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းခံရပြီး အထိနာခဲ့ကြောင်း ဆုတ်ခွာ ထွက်ပြေးခဲ့ရသည့် စစ်သားများ ဝက်လူးရဲစခန်းသို့ ရောက်ရှိပြီးနောက် မတ်လ၁၂ရက်၌ တံတားဦးသို့ ပြန်စဉ် ရိုက်နှက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်အမှတ်လေးတပ်ရင်းထံက သိရသည်။
” တံတားဦးဘက်ခြမ်းရောက်တဲ့အခါကျ အဲ့ကောင်တွေကို ရိုက်နှက်ပြီးတော့ လက်ထိပ်တွေခတ် ကြိုးတွေတုပ်ပြီး၊ တချို့ဆို ပစ်ခတ်မှုတွေ ဘာတွေထိဖြစ်ပြီး ကားသုံး၊ လေးစီးနဲ့ တင်သွားတယ်လို့ ပြောတယ်။ သူတို့အချင်းချင်းတွေကို တော်တော်ဆိုးဆိုးဝါးဝါးတွေ လူမဆန်တာတွေဖြစ်နေတယ်။ အဓိကက စစ်ရှုံးလို့လား၊ ထွက်ပြေးလို့လားမသိဘူး” ဟု မြင်းခြံခရိုင်အမှတ်လေးတပ်ရင်း၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ၊ ကိုအောင်မောင်းက MPA သို့ပြောသည်။
ကျားတွင်းဘို့ရွာအနီး တိုက်ပွဲအပြီးတွင် စစ်သားအလောင်း ၂၇လောင်းတွေ့ရှိခဲ့ပြီး ဗိုလ်မှူးနှင့် ဗိုလ် ကြီးအပါအဝင် ၁၄ဦးကို အရှင်ဖမ်းမိခဲ့ကာ မတ်လ ၁၁ရက်၌ ယင်းစစ်ကြောင်းအတွင်း မှ စစ်သားနှစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာစဉ် ၎င်းတို့၏ ထပ်မံပြောကြားချက်အရ ဝက်လူးစခန်းသို့ ပြန်လည်ရောက်ရှိလာသည့် ဒဏ်ရာရစစ်သား ၃၅ဦးအနက် အယောက်၂၀ ထပ်မံသေဆုံးကြောင်း သိရသည်ဟု ၎င်းကဆိုသည်။
ဝက်လူးရဲစခန်းသို့ပြန်ရောက်လာသော စစ်သားများအနက် ဒဏ်ရာရသူများအပါအဝင် စစ်သား၅၀ ခန့်သည် မတ်လ၁၂ရက်၌ တံတားဦးဘက်သို့ ထပ်မံဆုတ်ခွာသွားခြင်းဖြစ်ပြီး မည်သည့်အကြောင်း ကြောင့်ဆုတ်ခွာသွားသလဲဆိုသည်ကိုမူ မသိရသေးပေ။
မတ်လကိုးရက်တိုက်ပွဲတွင် စစ်တပ်က လေကြောင်းပစ်ကူခဲ့ရာ လေကြောင်းတိုက်ခိုက်မှုကြောင့် PDFရဲဘော်သုံးဦး ကျဆုံးခဲ့ပြီး ခုနှစ်ဦးဒဏ်ရာရခဲ့သည်။
ယင်းတိုက်ပွဲအပြီးတွင် စစ်တပ်ထံမှ သေနတ် ၄၄ လက်၊ ဗုံး၊ နင်းမိုင်း၊ ကျည်ဆန်၊ လက်တော့ပ်နှစ်လုံးနှင့် ဆက်သွယ်ရေးစက်နှစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။