By Hlaing / MPA
ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီက အသေခံဒရုန်းများ အသုံးပြု၍ ဗုံးကြဲမှုများ ခပ်စိတ်စိတ်လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက်၊ နံနက် တစ်နာရီ ၄၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အသေခံဒရုန်း(Kamikaze Drone)ဖြင့် လိုင်ဇာမြို့၊ တပ်မဟာ ၅ ဝန်းကျင်အနီးသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ ဘယ်နေရာကြဲသွားလဲဆိုတာ သေချာမသိသေးဘူး။ တပ်မဟာ ၅ လို့လည်း ပြောကြတယ်။ လိုင်ဇာနဲ့တော့ နီးတယ်။ အသံကတော့ အရမ်းကျယ်တယ်” ဟု လိုင်ဇာမြို့ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး တိုက်ခိုက်ခံရသည့်နေရာနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နှင့် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတို့တွင်လည်း စစ်ကောင်စီက လိုင်ဇာမြို့လယ်နှင့် အနီးဝန်းကျင်ကို အသေခံဒရုန်းများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
“ ပြည်သူတွေအနေနဲ့ကတော့ စိုးရိမ်မှုရှိကြတာပေါ့၊ ဒေါ့ဖုန်းယန်ဘက်က ရှမ်းရွာတွေ အကြဲခံရတုန်းကဆို လိုင်ဇာက အိမ်နံရံတွေပါ တုန်တယ်” ဟု လိုင်ဇာမြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေခြင်းကြောင့် စစ်ရေးထိန်းချုပ်နိုင်ရန်ဟုဆိုကာ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ဌာနချုပ်ဟောင်းတည်ရှိရာ လိုင်စင်(လိုင်စင်ပိုစ့်) တို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်လျက်ရှိသည်။
“ လေကြောင်းအန္တရယ်ကိုတော့ ပိုပြီး စိုးရိမ်ရတာပေါ့နော်၊ ဗန်းမော်မှာ အထိနာပြီဆိုတာနဲ့ လိုင်ဇာဘက်ကို ဗုံးလာကြဲတာဆိုတော့ သတိထားနေရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒေါ့ဖုန်းယန်မြို့ကို ရည် ရွယ်ချက်ရှိရှိဖြင့် ဂျက်ဖိုက်တာအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါ့ဖုန်းယန်မြို့၊ ဝငန်ကျေးရွာရှိ ဦးမောင်ဦးနေအိမ်အတွင်းသို့ လေယာဥ်ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ ၁၀နှစ်အရွယ် ကလေး သုံးဦးအပါအဝင် မိသားစုဝင် ခုနှစ်ဦး သေဆုံးခဲ့ပြီး၊ နန်းအီကျေးရွာကိုလည်း ဗုံးနှစ်လုံး ကြဲချခဲ့၍ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
စစ်ကောင်စီက ၄င်းတို့၏ ဗျူဟာအရ အရေးပါသည့် တပ်ရင်းများ၊ စခန်းကုန်းများ သိမ်းပိုက်ခံရပါက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နယ်မြေများသို့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် လိုင်ဇာမြို့နှင် မိုင် ၆၀ ခန့် အကွာအဝေးသာရှိသည့် ဗန်းမော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး စစ်ကောင်စီ ဘက်မှလည်း ဂျက်ဖိုက်တာ၊ စစ်ထောက်ပို့လေယာဥ်နှင့် ဒရုန်းများအသုံးပြု၍ ပြန်လည်ခုခံလျက် ရှိနေသည်။