By Hlaing / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဧရာ၀တီမြစ်တစ်ဖက်ကမ်း၌ စစ်ကောင်စီက ထိုးစစ်ပြုလုပ်ရန် စစ်ရေးပြင်ဆင်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်း သိရှိရသည်။
ထိုကဲ့သို့ စစ်ကောင်စီက စစ်ရေးပြင်ဆင်လာခြင်းမှာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ နယ်မြေများကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က သိမ်းပိုက်ထားပြီး ဗန်းမော်မြို့ကို ထပ်မံသိမ်းပိုက်နိုင်ပါက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြို့နယ်များနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တည်ရှိရာ မြစ်ကြီးနားမြို့သို့ တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်သည့်အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ ပြောနေကြတာတော့ ဗန်းမော်ပြီးရင် မြစ်ကြီးနားဆိုပြီး ကြားနေတာ ကြာပြီ၊ မြစ်ကြီးနားမှာကလည်း စစ်ဌာနချုပ်ရှိတယ်။ တချို့လည်း တိုက်ပွဲဖြစ်မှာကြောက်ပြီး ကြိုတင်ရှောင်ရှားတာမျိုးတွေ ရှိတယ်” ဟု မြစ်ကြီးနား ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီက ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြစ်ကြီးနားမြို့နှင့် မြစ်ကြီးနားမြို့အထက်ပိုင်းရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်း၊ မြစ်ဆုံဒေသတွင် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်ကာ၊ မြစ်ဆုံအနီးရှိ တန်ဖရဲနှင့် ဂွေထောင်ကျေးရွာလမ်းပိုင်းများတွင်လည်း တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။
“ မြစ်ကြီးနားမြို့မှာတော့ တိုက်ပွဲဖြစ်တာ မရှိဘူး။ တခါတလေတော့ သေနတ်သံကြားရတာမျိုး ရှိတယ်။ မြစ်ကြီးနားအထက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ဂိတ်တွေမှာ အရမ်းတင်းတင်းကျပ်ကျပ် စစ်ဆေးတယ်။ ဝိုင်းမော်ဘက်လည်း အင်အားတွေဖြည့်တယ်လို့ ကြားတယ်” ဟု မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိ ဗန်းမော်မြို့၌ ပြင်းထန်နေစဥ်အတွင်း စစ်ကောင်စီ၊ SNAနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်နှင့် တနိုင်းမြို့နယ်တို့တွင် စစ်ရေးပြင်ဆင်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ ခပ်စိတ်စိတ် လုပ်ဆောင်လျက်ရှိနေသည်။
“ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမောက် အဲ့ဒီ့ဘက်တွေမှာက SNA ထိုင်ထားတုန်း ရှိသေးတယ်။ SNA ဘက်ကလည်း ပေါ်တာဆွဲတယ်။ မိုးကောင်းဘက်က ဆားမှော်၊ ပင်းဘောရွာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု စစ်ရေးအခြေအနေသိရှိသူ ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း KIA တပ်မဟာ ၂ နယ်မြေ၊ တနိုင်းမြို့နယ်၊ တနိုင်း – လီဒိုလမ်းမဘေးရှိ ရှဒူးဇွပ်၊ ဝါရာဇွပ်၊ စံပြ၊ အောင်ရာကျေးရွာနှင့် KIA တပ်မဟာ ၉ နယ်မြေ၊ ဖားကန့်မြို့နယ်တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေပြီး၊ စစ်ကောင်စီကလည်း ဒရုန်းနှင့် လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ် ခြောက်ရက်တွင်လည်း ဖားကန့်မြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် တနိုင်းမြို့နယ်၊ KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေ၊ တနိုင်း – လီဒိုလမ်းမ၊ ရှဒူးဇွပ်ကျေးရွာအနီးရှိ ဝခါးရွှေမှော်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် မင်းဇေသန့်၏ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA ဘက်မှ စခန်းနှစ်ခု လက်လွှတ်ခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လဆန်းပိုင်း၌လည်း ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပြီး၊ အင်းတော်မြို့ရှိ ကာကင်းစခန်းတစ်ခုကိုလည်း ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဗန်းမော်မြို့အနောက်ဘက်ကမ်းရှိ စင်းခန်း၊ ငှက်ပျောတော၊ မြစေတီ၊ ဝငန်နှင့် နန်းအီကျေးရွာတို့ကိုလည်း စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားသေဆုံးမှုများလည်း ရှိခဲ့သည်။
လက်ရှိတွင် ဗန်းမော်မြို့သိမ်း တိုက်ပွဲကာလ သုံးလကျော်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စစ်ကောင်စီ၏ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ အမှတ် ၃၆၆ အမြောက်တပ်ရင်း(အမတ – ၃၆၆)၊ သံချပ်ကားခုနှစ်စီး၊ ဗန်းမော်လေယာဥ်ကွင်း၊ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း(တကရ – ၅၀၁၄)၊ ခလရ ၂၃၆ နှင့် လိပ်ပြာကုန်း တို့ကို သိမ်းပိုက်ထားနိုင်ပြီး စကခ (၂၁) ဌာနချုပ်နှင့် ခလရ ၄၇ တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ KIA က ကချင်ပြည်နယ်အတွင်း၌ စစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်၊ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ ၁ အပါအဝင် လွယ်ဂျယ်၊ မိုးမောက်၊ မံစီ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆော့လော်၊ ချီဖွေ၊ ကန်ပိုက်တည်၊ ဆဒုံး၊ မြို့လှ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။