By Nway / MPA
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်နှစ်ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း သိရသည်။
မတ်လ ၁၁ ရက်၊ ည ၈ နာရီ မိနစ် ၄၀ ခန့်တွင် ဝါးနက်ချောင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဂရမ်နိတ်စ် ( Pading – ပဒင်း ) တစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းထံက သိရသည်။
” ရုံးစောင့်ကင်းစခန်းကို ပစ်ခဲ့တာဗျ။ ထိခိုက်တော့ နှစ်ဦးအနည်းဆုံးရှိတယ်။ သေ၊ မသေတော့ မသိရသေးဘူး ” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ ဗိုလ်ကောက်ရိုးက MPA ကို ပြောသည်။
တိုက်ခိုက်မှုကြောင့် အုပ်ချုပ်ရေးမှူးရုံး ကာကင်းလည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရသူများ သေဆုံးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
” တိုက်ခိုက်မှုပြီးတော့ ချက်ချင်းအပြင်ထွက်လာကြပြီး လိုက်ကြတယ်။ ဒီမနက်လည်း ကင်းပုန်းတွေအပြင် အတော်အစစ်အဆေးကျပ်ပြီး လုံခြုံရေးပိုကျပ်နေတယ်” ဟု ၎င်းကပြောသည်။
ယင်းအုပ်ချုပ်ရေးမှူးရုံးတွင် စစ်သား၊ပျူစောထီးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ အခြေစိုက်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းနှင့် Civilian Military – SRDF အထူးစစ်ကြောင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သားများ ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။