By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း PDF တို့၏ ပိတ်ဆို့တိုက်ခိုက်ခြင်းခံရပြီး စစ်သား၄၇ဦး သေဆုံးကာ အရာရှိနှစ်ဦးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးမိခဲ့ ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှထွက်လာသည့် အင်အား ၂၀၀ ပါစစ်ကြောင်းကို မတ်လ ကိုးရက်၊ နံနက် ကိုးနာရီခွဲခန့်မှ ညနေ လေးနာရီအထိ ကျားတွင်းဘို့ရွာအနောက်ဘက်၌ PDF တပ်ဖွဲ့ များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၂၇ လောင်းတွေ့ရှိခဲ့ပြီး ဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကိုအပါအဝင် စစ်သုံ့ပန်း ၁၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်လေးတပ်ရင်းက သတင်းထုတ်ပြန်သည်။
” တချို့ကတော့ ကျည်ကုန်တဲ့သူတွေလည်းပါတယ်။ တချို့ကတော့ လက်နက်ချဝာာပေါ့။ အဓိကကတော့ ဝိုင်းပတ်ပြီး ပိတ်ထားဝောာ့ ထွက်မရတော့ဘဲနဲ့ လက်နက်ချတာပေါ့” ဟု မြင်းခြံခရိုင်အမှတ်လေးတပ်ရင်း၊ သတင်းနှင့်ပြန်ကြာရေးတာဝန်ခံ ကိုအောင်မောင်းက MPA သို့ပြောသည်။
ယင်းစစ်ကြောင်း ဝက်လူးရဲစခန်းသို့ပြန်ရောက်ပြီးနောက် စစ်ကြောင်းနှင့်အတူ ပြန်ပါလာသည့် ဒဏ်ရာရ စစ်သား၃၅ဦးအနက် အယောက်၂၀ ထပ်မံ သေဆုံးသွားသည်ဟု ယနေ့ (မတ် ၁၁ ရက်) နံနက်ပိုင်း၌ ဝက်လူးရဲစခန်းမှ ပြည့်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်သားနှစ်ဦးထံက ထပ်မံသိရှိရကြောင်းလည်း ထုတ်ပြန်ထားသည်။
” အလင်းဝင်လာတဲ့သူပြောတယ်ဆိုတာ သူတို့(စစ်ကြောင်း) စခန်းရောက်မှ သေတာကိုပြောတာ။ စခန်းရောက်မှ ဒဏ်ရာတွေပြင်းပြီးသေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ ငါးကြိမ်ပေးခဲ့ပြီး လေကြောင်းပစ်ကူ ကြောင့် နွားထိုးကြီးမြို့နယ်ပကဖမှ ရဲဘော်သုံးဦးကျဆုံးခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့ကာ မြင်းခြံခရိုင်အမှတ်လေးတပ်ရင်းမှ ရဲဘော်လေးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” တိုက်ပွဲပြီးကာနီးမှာ သူတို့က ပြန်ဆုတ်ချင်တာဆိုတော့ လေကြောင်းပစ်ကူနဲ့ ပြန်ဆုတ်တာပေါ့။ သုံ့ပန်းတွေထုတ်တဲ့နေရာ၊ လက်နက်တွေ စုတဲ့နေရာတွေကို လေယာဉ်ပွိုင့်ပေးခံရတာ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှု၌ သေနတ် ၄၄ လက်၊ ဗုံး၊ နင်းမိုင်း၊ ကျည်ဆန်၊ လက်တော့ပ်နှစ်လုံးနှင့် ဆက်သွယ်ရေးစက်နှစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို အမှတ်တစ်စစ်ဒေသသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။