By Ra Wai / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး ၁၁ ဦးသေဆုံးကြောင်း သိရသည်။
မတ်လ ၁၀ ရက်၊ နံနက်ရှစ်နာရီခွဲခန့်တွင် ငါန်းဇွန်မြို့ပေါ်မှ ထွက်လာသည့် အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ရွာသာကျေးရွာမြောက်ဘက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်သည်။
” ပေပါမိုင်းနှစ်လုံးပေါ့။ ဘာလို့အဲ့လောက်ထိခိုက်ရလဲဆိုရင် ခြေလျင်စစ်ကြောင်းပေါ့။ အဲ့နေရာတွေမှာ မိုင်းထောင်ထားမယ်လို့ ယူဆမထားလို့ အေးအေးဆေးဆေးလျှောက်လာတဲ့ အချိန်မှာ မိုင်းကွင်းထဲကို တည့်တည့်ဝင်လာတာ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
မိုင်းဆွဲခံရပြီးနောက် ငါန်းဇွန်ဘက်မှ ဖောကားနှစ်စီးနှင့် Light Truck ကားတစ်စီးရောက်ရှိလာပြီး သေဆုံး၊ ဒဏ်ရာရရှိသူများကို ငါးဇွန်မြို့ပေါ်သို့ သယ်သွားကာ ယင်းစစ်ကြောင်းမှာ မြို့သာမြို့ထဲသို့ဝင်သွားကြောင်း သိရသည်။
“ အင်အားအပြည့်နဲ့ ဖောကားနှစ်စီးက ရှေ့တစ်စီးနောက်တစ်စီးပိတ်ရပ်ပြီးတော့ အလယ်က Light Truck က အလောင်းတွေကို တင်သွားတာ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှု၌ စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုအရေအတွက်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူကဆိုပြီး MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။