By Ko Paing / MPA
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (လယ်ဒို)၊ တောင်ခင်ကျေးရွာ ဘုန်းကြီးကျောင်းထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မတ်လကိုးရက်၊ ညရှစ်နာရီကျော်တွင် ပိန်းဇလုတ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ထင်းစင် ထိမှန်ကာ ပျက်စီးသွားကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။
“သိရသလောက် ပစ်တာကတော့ ဘုန်းကြီးကျောင်းကို တမင်ရွေးပစ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့၊ ထိချင်ရာထိ ဘုန်းကြီးကျောင်းထိလည်း ဂရုမစိုက်ဘူးဆိုတဲစိတ်နဲ့ ပစ်တာ။ တကယ်လည်း ဘာထိထိ ဂရုမစိုက်ဘူး။ ဘုရားတွေတရားတွေ လာမပြောနဲ့ဆိုတဲ့ကောင်တွေ။ အခုနောက်ပိုင်း PDF တွေလည်း ပဲခူးတိုင်းထဲ တော်တော်လှုပ်လာတော့ ရွာတွေဘက်က စစ်တပ်ရမ်းပစ်မှာ ကြောက်နေရတယ်။ ကျတော်တို့ မြို့ပေါ်တော့ တိုက်ပွဲအန္တရာယ်မရှိသေးဘူး” ဟု ညောင်လေးပင်မြို့၊ မြို့မ/နှစ်ရပ်ကွက်နေ ပြည်သူတစ်ဦးက MPA သို့ပြောသည်။
မတ်လရှစ်ရက်၊ နေ့ခင်းပိုင်းကလည်း မူးမြို့နယ်၊ ကျောက်ကြီးပေါက်ရွာထဲသို့ စစ်တပ်က Y-12 လေယာဉ် ဖြင့် ဗုံးသုံးလုံးကြဲချခဲ့ရာ အိမ် ၁၀ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။
မတ်လငါးရက်၊ နံနက်ပိုင်းကလည်း ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ထောလူခိုရွာထဲသို့ ပိန်းဇလုတ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်း မှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီး နှစ်လုံး ကျရောက်ခဲ့ရာ ကျေးရွာအတွင်းနေ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။