By Ko Paing/MPA
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြန်လာသည့်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားခုနှစ်ဦးသေဆုံးပြီး ၁၅ဦးဝန်းကျင် ဒဏ်ရာရရှိနိုင်ကြောင်း ရေးဘီလူးအဖွဲ့ထံက သိရသည်။
ခမရ၃၄၃ တပ်ရင်းမှ အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည်ရေးမြို့နယ်၊တောင်စွန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက် လာပြီး မတ်လကိုးရက်၊ညနေ ငါးနာရီဝန်းကျင်တွင် အာယုတောင်ရွာထိပ်ရှိ ဝါးကျောင်း သို့ ပြန်လည်ဝင်ရောက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့ တပ်ပြန်ဆုတ်တဲ့အချိန်ဝင်တိုက်တာပါ။သူတို့တပ်စွဲထားတာက အာယုတောင်ရွာထိပ် ဝါးကျောင်းမှာပါ။အဲ့ဒီမှာ ဘုရားလည်းရှိတယ်၊ဘုန်းကြီးကျောင်းလည်းရှိတယ်။ဝါးကျောင်းကို ပြန်အဝင်မှာ ဖြတ်တိုက်တဲ့သဘောပါ”ဟု ရေးဘီလူးအဖွဲ့ တာဝန်ခံ ရေးဘီလူး ကMPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် စစ်သားများကို ခမရ-၃၄၃ တပ်ရင်းသို့ သယ်ဆောင်သွားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရေးဘီလူးတပ်ဖွဲ့၏ တပ်ခွဲသုံး က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။