By Nway / MPA
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၌ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးပြီး ခုနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လရှစ်ရက်၊ နံနက် ငါးနာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာရှိ လယ်ကွင်းများထဲမှ တပ်ဖြန့်၍ တက်လာသည့် အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဥယျာဉ်ကြီး – ရုံးချောင်း လမ်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ က ယနေ့ ( မတ်လ ၉ရက် ) သတင်းထုတ်ပြန်သည်။
” သူတို့ ( စစ်ကောင်စီစစ်ကြောင်း ) က ရုံးချောင်းဘေး လယ်ပြင်ကနေ ရုံးချောင်းနဲ့ဥယျာဥ်ကြီးကျေးရွာလမ်းမကနေ တက်လာတာပါ။ မိုင်း နှစ်လုံးဆွဲခဲ့တယ်။ ဆွဲခံရတော့ ပြန်ပစ်ခတ်ပြီး သူတို့လူတွေကိုပါ ဆွဲပြေးတာပါ ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ မှ တပ်ခွဲမှူး ရိုးမနဂါးက MPA ကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ယင်းစစ်ကြောင်းသည် ရုံးချောင်းရွာက ပြည်သူအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။
” မိုင်းဆွဲခံရပြီး ရွာထဲ တွေ့တဲ့လူကို ဖမ်းပြီး တပ်ဆုတ်တာပါ။ ဖမ်းဆီးခံရတဲ့ ဦးရေကိုတော့ အတိအကျမသိရသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ရုံးချောင်းရွာ၏အနောက်ဘက် ကျွန်းတောစုရွာဘက်သို့ ဆုတ်ခွာသွားပြီး ဖမ်းဆီးခံပြည်သူများမှာ ယနေ့ မွန်းလွဲ သုံးနာရီခန့်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML