By Zwe Ko/MPA
ပဲခူးရိုးမအတွင်း ဗိုလ်မိုးကြိုးကြီး ဦးဆောင်သည့် သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၁နှင့် ၃၇၀၁ တို့မှ ရဲဘော်များသည် ရဲဘော်ကိုင်ပိုင်ဆိုသူကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး NUG က ခုံဖွဲ့စစ်ဆေးနေကြောင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်က ရဲဘော်ကိုပိုင်နှင့် ရဲဘော်စိုင်းနော်ဖတို့ကို တပ်ရင်း ၃၈၀၁ နှင့် ၃၇၀၁ တို့မှ ရဲဘော်များက ပဲခူးရိုးမအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအနက် ရဲဘော်ကိုပိုင်သည် တော်လှန်ရေးလုပ်ငန်းများ၌ နှောင့်ယှက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
“ အခုကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်က ပဲခူးတိုင်း စစ်တိုင်းအဆင့် စုံစမ်းရေးအဖွဲ့ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုလုပ်ငန်းတွေကို ခုံဖွဲ့စစ်ဆေးနေပါတယ်။ မကြာခင် သတင်းထုတ်ပြန်ပေးပါ့မယ်။ ကောလာဟလ သတင်းတွေမဖြစ်အောင် အမြန်ဆုံးလုပ်ဆောင်နေပါတယ် “ ဟု ခုံဖွဲ့စစ်ဆေးမှုတွင် ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ရဲဘော်ကိုပိုင် သတ်ဖြတ်ခံပြီးနောက် လူမှုကွန်ရက်များနှင့် လွတ်လပ်သည့် သတင်းမီဒီယာများ၌ သတင်းပျံ့နှံမှုဖြစ်ပွားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) မှ တာဝန်ရှိသူများသည် ခုံဖွဲ့ပြီးနောက် ဗိုလ်မိုးကြိုး နှင့် ရဲဘော်ကိုပိုင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ရဲဘော်စိုင်းနော်ဖတို့ကို စစ်ဆေးနေကြောင်း ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ကိုလူအေးက MPA ကို ပြောသည်။
“ ရဲဘော်အချင်းချင်းဖြစ်တာဆိုတော့ မီဒီယာတွေမှာ အရမ်းပျံ့သွားတယ်။ အဲ့ဒီတော့ ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ ချက်ချင်း ခုံဖွဲ့ပြီးစစ်တာ၊ ခါတိုင်း ကိစ္စတွေဆိုရင် တိုင်စာတင်တောင် အရေးမလုပ်ဘူး။ ခုံအဖွဲ့ထဲမှာ ၃၈၀၃ တပ်ရင်းမှူးရယ်၊ တိုင်းစစ်ဒေသက တစ်ယောက်ပါတယ်လို့တော့ သိထားတယ်။ ကျန်တာ ဘယ်သူတွေပါလည်း သေချာမသိရဘူး” ဟု ကိုလူအေးက ပြောသည်။
ဗိုလ်မိုးကြိုးကြီး အဖွဲ့က ဖမ်းဆီးခဲ့သည့် ရဲဘော်ကိုပိုင်နှင့် ရဲဘော်စိုင်းနော်ဖတို့သည် ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့မှ တော်လှန်ရေးရဲဘော်များဖြစ်ပြီး ပဲခူးရိုးမအတွင်းနေထိုင်ကာ စစ်ကောင်စီကို တော်လှန်နေသူများဖြစ်ကြောင်း ရဲဘော်ကိုပိုင်နှင့် ခင်မင်သည့် တော်လှန်ရေးရဲမေ မဟေသာက ပြောသည်။
“ ရဲဘော်ကိုပိုင်က KNU မှာ စစ်ပညာသင်ပြီးတော့ အညာမှာ တာဝန်ထမ်းဆောင်ခဲ့သေးတယ်။ ပြီးတော့မှ ပဲခူးရိုးမကို ရောက်လာတာ၊ နတ်စစ်သည်အဖွဲ့မှာလည်း လက်နက်ထုတ်ပေးသေးတယ်။ ပြီးတော့ သူတို့က ရိုးမှထဲမှာ သစ်ထုတ်တယ်။ ဗိုလ်မိုးကြိုးကြီးတို့အဖွဲ့ကလည်း သစ်ထုတ်တယ်။ အဲ့ဒါ တမင်အကြောင်းရှာပြီး ဖမ်းဆီးသတ်ဖြတ်လိုက်တာ၊ ရဲဘော်စိုင်းနော်ဖကိုလည်း ခုံဖွဲ့စစ်ဆေးနေတဲ့အဖွဲ့က ထိန်းထားသေးတယ် မလွတ်သေးဘူး ” ဟု ၎င်းက ရှင်းပြသည်။
ရဲဘော်ကိုပိုင်နှင့် စိုင်းနော်ဖတို့သည့် ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့ဝင်များဖြစ်သော်လည်း MOD လက်အောက်ခံ မဟုတ်သလို မည်သည့် တော်လှန်ရေးအဖွဲ့အစည်းအောက်မှ မရှိဘဲ ပဲခူးရိုးမအတွင်း သစ်ဝါးထုတ်လုပ်နေသူတစ်ဦးသာဖြစ်သည်ဟု ဗိုလ်မိုးကြိုးက ဆိုသည်။
“ စစ်သင်တန်းလည်း မတတ်ထားလောက်ဘူး။ ပြီးတော့ တော်လှန်ရေး လုပ်ငန်းတွေမှာလည်း နှောင့်ယှက်မှုကရှိတယ်။ ပစ္စည်းသယ်ယူလမ်းကြောင်းတွေမှာ မလိုလားအပ်တဲ့ ရှာဖွေမှုတွေ လုပ်တာရှိတယ်။ စစ်တပ် သတင်းပေးလား မသိဘူးပေါ့နော်၊ သူတို့စစ်ဆေးလိုက်တဲ့နောက်ကွယ်မှာ သတင်းတွေပေါက်ကြားမှုတော့ရှိပါတယ်။ အခု ခုံဖွဲ့စစ်ဆေးနေပါတယ်။ ကျတော်တို့ကတော့ စစ်ဆေးမှုခံယူပြီးပါပြီ၊ သူနဲ့အတူပါလာတဲ့ စိုင်းနော်ဖကိုလည်း ခုံဖွဲ့စစ်ဆေးနေပါတယ် ” ဟု ဗိုလ်မိုးကြိုးက ပြောသည်။
ဗိုလ်မိုးကြိုးအဖွဲ့သည် ရဲဘော်ကိုပိုင်နှင့် ရဲဘော်စိုင်းနော်ဖတို့ကို အစည်းအဝေးလုပ်ရန် ဖိတ်ကြားပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ရဲဘော်ကိုပိုင်မှာ ဓားဖြင့် ထိုးသတ်ခံခဲ့ရကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၅မှ တပ်ခွဲမှူး ဗိုလ်ဘက ပြောသည်။
“ သူတို့( ရဲဘော်ကိုပိုင်နှင့် ရဲဘော်စိုင်းနော်ဖ) တို့က ကျတော်တို့နဲ့ လက်တွဲပြီး တော်လှန်ရေးလုပ်နေတာ၊ ကျတော်တို့ အဖွဲ့ထဲကိုထည့်ဖို့ အထက်ကိုတင်ပြဖို့ လုပ်ထားတယ်။ စည်းဝေးပွဲလုပ်ဖို့ဆိုပြီး ဗိုလ်မိုးကြိုးကြီးနဲ့ ငြိမ်းချမ်းအောင်တို့ အဖွဲ့က ခေါ်လို့ သွားတာ အဲ့ဒီမှာ ဖမ်းခံလိုက်ရတယ်။ အဓိက အကြောင်းက ကိုပိုင်တို့က သစ်လည်းလုပ်တယ်။ ဗိုလ်မိုးကြိုးကြီးတို့ကလည်း သစ်လုပ်တယ်။ ကိုပိုင်တို့အဖွဲ့က ထောက်ပံ့မဲ့သူမရှိတော့ ကိုယ့်ဖာသာ သစ်လုပ်ပြီး တော်လှန်ရေးအတွက် သုံးနေတာ၊ သစ်ထုတ်တယ်ဆိုတဲ့ အကြောင်းပြဖမ်းဆီး သတ်လိုက်တာ ” ဟု ဗိုလ်ဘက ပြောသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်) ၊ ဩဂုတ်လကလည်း ဇီးကုန်းမြို့နယ်၊ ဘော်ပင်ကျေးရွာမှ အမျိုးသားငါးဦးသည် ပဲခူးရိုးမအတွင်း သစ်တိုက်သွားစဉ် ဗိုလ်မိုးကြိုးကြီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အဆိုပါ သစ်တိုက်သမားငါးဦးသည် စစ်တပ်သတင်းပေးများဖြစ်ခြင်းကြောင့် အရေးယူရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။
ထိုကဲ့သို့ ဖြေရှင်းမှုနှင့် ပတ်သက်ပြီး ကာယကံမိသားစုများမှ ယနေ့ထိ ကျေလည်မှုမရှိသေးပေ။
ပဲခူးရိုးမအတွင်း တော်လှန်ရေးအဖွဲ့အစည်းအချို့သည့် သစ်ကုန်သည်များနှင့် ပူးပေါင်း၍ သစ်ခိုးထုတ်ယသည့်အပြင် တားဆီးသည့် တော်လှန်ရေးရဲဘော်များကိုလည်း ဖမ်းဆီးမှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
စာတည်း-ကိုဆန်း