By Ra Wai / MPA
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီကားနှင့် ကားကင်းကို PDFတို့ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးကြောင်းသိရသည်။
မတ်လ ရှစ်ရက်၊ နံနက်ကိုးနာရီခန့်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာမှ ချောင်းနှစ်ဖက် ကျေးရွာဘက်သို့ ထွက်လာသည့် စစ်ကောင်စီကားတစ်စီးနှင့် ကာကင်းတို့ကို လမ်းခုလတ်၌ လက်ဦးမှုရယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းက သတင်းထုတ်ပြန်သည်။
” ဒရုန်းပါတယ် ကားပေါ်မှာ။ အပြန်အလှန်ပစ်တာ။ကားရော ကာကင်းကိုရောပစ်တယ်။အင်အားက ကားရော ကာကင်းအဖွဲ့ရော ၇၀ လောက်ရှိတယ်” ဟု မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းမှ ရဲဘော်တစ်ဦး က MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်သားသုံးဦး သေဆုံးသည်ကို မျက်မြင်တွေ့ခဲ့ပြီး ထိခိုက်သေဆုံးမှု ထပ်မံရှိ နိုင်ကြောင်း PDFရဲဘော်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ တစ်ဦးကခြေထောက်၊ နောက်တစ်ယောက်ကတော့ လက်နက်ကြီးစနည်းနည်းမှန်ထားတယ်။ နှစ်ယောက်လုံးမစိုးရိမ်ရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား လမ်းဘေးသို့ထိုးကျသွားသော်လည်း ပျက်စီးမှုကို မသိရှိရသေးပေ။
တနင်္သာရီမြို့နယ်အတွင်း၌ ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများအရ ဒေသခံပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ကြရန် မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML