By Zwe Ko /MPA
ကရင်ပြည်နယ် ၊ သံတောင်ကြီးနှင့် ပဲခူးတိုင်း ထန်းတစ်ပင်၊ ကျောက်ကြီး စသည် သုံးမြို့နယ် အစပ်ရှီ သပြေညွန့်စံပြ၊ ကျောက်ကြီးပေါက်၊ အင်းမကြီးကုန်း၊ မကျည်းတောခေါ် ရွှေပြည်သာကျေးရွာတို့ကို စစ်ကောင်စီက လမ်းများပိတ်ထားပြီး နေ့စဉ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ် ခြောက်ရက်မှ စတင်ကာ ယနေ့(မတ်ရှစ်ရက်)ထိ စစ်ကောင်စီက လေကြောင်းအသုံးပြုကာ အထက်ပါနေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကျောက်ကြီးပေါက်ကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ အဲ့ဒီနေ့(မတ် ခြောက်ရက်)က ကျောက်ကြီးပေါက် ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူလို့ ဘုန်းကြီးပျံလွဲလုပ်နေတာ၊ ဘုန်းကြီးပျံပွဲ လူနည်းသွားတဲ့အချိန် လေယာဉ်ရောက်လာပြီး ဗုံးကြဲတာ၊ ညဘက်ရော၊ နောက်တစ်နေ့လုံး ရော၊ အခုမနက်(မတ် ရှစ်ရက်)ထိ ကြဲနေတာ၊ သပြေညွန့်စံပြ၊ အင်းမကြီးကုန်း၊ မကျည်းတောရွာတွေပါ အကြဲခံ နေရတယ် ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်ကြီးပေါက်ကျေးရွာမှ အသက် ၅၀ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ မကျည်းတောကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု မကျည်းတော်ကျေးရွာမှ အသက် ၅၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
” ကျောက်ကြီးပေါက်က ကလေးနှစ်ယောက်၊ မကျည်းတောက သုံးယောက် အားလုံး ငါးယောက်လောက်ဒဏ်ရာရတယ်။ အဲ့ဒီ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံးပြဖို့သွားတဲ့လမ်းတွေ ပိတ်ထားလို့ မသွားရဘူး။ ခုနှစ်ရက်နေ့ နံနက်က တည်းက ပိတ်ထားတာ၊ ဒဏ်ရာရတဲ့သူတွေထဲမှာ ခြေထောက်ဖြတ်ရမဲ့သူတွေလည်းပါတယ်။ အဲ့ဒါတောင်ငူဆေးရုံ ကိုသွားချင်တာ ဖြူးဘက်ကလည်း ပိတ်ထားတယ်။ ဇရပ်ကြီးဘက်ကလည်း ပိတ်ထားတယ်။ ဗုံးကြဲမခံရတဲ့ ရွာတစ်ရွာက ဆရာတွေဆီမှာ ဆေးကုနေရတယ် ” ဟု အထက်ပါ အမျိုးသမီးက ရှင်းပြသည်။
ထိုကဲ့သို့ စစ်တပ်က လမ်းများပိတ်ထားသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ ဗုံးကြဲတိုက်ခိုက်နေ ခြင်းများကြောင့် ပြည်သူများသည် နေ့စဉ်နီးပါး ဗုံးခိုကျင်းများ၌ နေထိုင်နေရကြောင်း ကျောက်ကြီးပေါက်ကျေးရွာမှ အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
” ရွာနားက တောတွေထဲမှာ ဗုံးခိုကျင်းတူးပြီး ဝင်နေရတယ်။ မြို့ပေါ်က ဘယ်လိုမှ သွားလို့မရဘူး။ စစ်ဆေးရေးဂိတ်တွေက ပေးမဖြတ်ဘူး။ တော်တော်ဒုက္ခရောက်တယ်။ စပြီး ဗုံးကြဲတဲ့နေ့တုန်းက မြို့ပေါ်သွားလို့ရတယ်။ ညပိုင်းဆိုတော့ ဘယ်သူမှ မသွားကြဘူး။ နောက်နေ့ရောက်တော့ လမ်းတွေကို ပိတ်လိုက်တော့ သွားမရတော့ဘူး။ ကြဲတဲ့ဗုံး တွေကလည်း အဆင့်ဆင့်ကွဲတဲ့ ဗုံးအမျိုးအစားတွေ၊ ပြီးတော့လေယာဉ်ပစ် စက်သေနတ်တွေနဲ့လည်းပစ်တယ်။ ဗုံးခိုကျင်းထဲကနေကို မထွက်ရဲဘူး ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ပြည်သူများသည် တိုက်ပွဲအတွင်း ပိတ်မိနေခြင်းကြောင့် ပရဟိတ အသင်းများက ခေါ်ထုတ်ပေးရန် ဆောင်ရွက်သော်လည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ဖြတ်သန်းခွင့်မပြုသည့်အတွက် နောက်လှည့်ပြန်ခဲ့ရ ကြောင်း တောင်ငူမြို့နယ်အခြေစိုက် ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ အရင်က တောင်ငူကနေ ထန်းတစ်ပင်၊ ဇရပ်ကြီး၊ မုန်းကို သွားတာ၊ အဲ့ဒီလမ်းပိုင်းတွေက အခြေအနေမကောင်းလို့ တောင်ငူကနေ ဖြူး၊ ဖြူးကနေခွဲထွက်ပြီး မုန်းကိုသွားမလို့ ဖြူးဘက်က ဂိတ်တွေမှာတင် သတ်ပင်တွေခုတ်ပြီး လမ်းတွေကို ပိတ်ထားတယ်။ အဲ့ဒီက ဂိတ်တွေမှာ အဖမ်းခံထားရတဲ့ ပြည်သူတွေ၊ ဒဏ်ရာရတဲ့ ပြည်သူတွေကို တွေ့ခဲ့ရတယ်။ ဂိတ်က ပေးမဖြတ်လို့ လှည့်ပြန်လာရတယ် ” ဟု ၎င်းက ဆိုသည်။
ပဲခူးတိုင်းအနောက်ခြမ်း KNU ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီက မကြာခဏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်မှုများကြောင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိမှုများ မကြာမကြာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စာတည်း-ကိုဆန်း