By Hlaing / MPA
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် KIA တို့အကြား စစ်ရေးတင်းမာနေပြီး ဒေသခံများ ဗုံးခိုကျင်းတူးရန် KIAက ညွှန်ကြားထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ခြောက်ရက်၊ နံနက် လေးနာရီခန့်တွင် ဖားကန့်မြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် တနိုင်းမြို့နယ်၊ KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေ၊ တနိုင်း – လီဒိုလမ်းမ၊ ရှဒူးဇွပ်ကျေးရွာအနီးရှိ ဝခါးရွှေမှော်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် မင်းဇေသန့်၏ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှလည်း လေကြောင်းပစ်ကူများနှင့် ဒရုန်းများအသုံးပြု၍ စစ်ကူပေးခဲ့ကြောင်း သိရသည်။
“ မနေ့က တိုက်ပွဲတော်တော် ပြင်းတယ်။ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ တိုက်တာ။ ဗုံးကြဲခံရတယ်၊ လေးလုံး။ စခန်းကိုတော့ ပြည်သူ့စစ်ဘက်က ဝင်သိမ်းသွားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
အလားတူ ယမန်နေ့(မတ် ခြောက်ရက်)၊ ညနေ သုံးနာရီခန့်တွင်လည်း ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ၉ နယ်မြေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၂၄ ရက် ညပိုင်းတွင်လည်း ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ၉ နယ်မြေ၊ တပ်ရင်း ၆ နယ်မြေကို စစ်ကောင်စီက လေယာဥ်နှင့် ဒရုန်းများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် စစ်ကောင်စီက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုရှိ ဆန်ခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ရှစ်ဦး သေဆုံးခဲ့သည်။
“ အင်တာနက်က အဖြတ်ခံထားရတာ နှစ်နှစ်နီးပါးကြာပြီ၊ ထိခိုက်သေဆုံးတာတွေလည်း မသိရတာတွေ ရှိဦးမှာ၊ ကြီးကြီးမားမားဖြစ်တာမျိုးလောက်ပဲ သိရတယ်” ဟု မရှိကထောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဗုံးခိုကျင်းများတူးရန် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ညွှန်ကြားထားကြောင်း သိရသည်။
“ ဖားကန့်မှာက လေယာဉ် ခဏခဏဝဲတယ်။ နေ့တိုင်း၊ ညတိုင်း လိုလိုကို လေယာဥ်ကလာနေတာ။ ဗုံးခိုကျင်းတူးဖို့လည်း ပြောထားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဗန်းမော်မြို့၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်း ထန်နေပြီး၊ စစ်ကောင်စီက တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် တနိုင်း၊ ဖားကန့်၊ ဝိုင်းမော်၊ မိုးညှင်းနှင့် မြစ်ကြီးနားမြို့အထက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လျက်ရှိနေသည်။
၂၀၂၄ ခုနှစ်၊ မတ် ခုနှစ် ရက်မှစ၍ ကချင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် KIA က ထိုးစစ်အရှိန်မြင့်တင်ခဲ့ပြီးနောက်၊ မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ စစ်ကောင်စီ၏ ဝှေခါရဲစခန်း၊ ဝှေခါ၊ နန့်တိန်၊ တာမခံ၊ ကသိုဏ်းတောင်နှင့် တန်သုံးတောင်စစ်ကောင်စီတပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာအရ အရေးပါသည့် လမောင်နှင့် တောမှော်စခန်းကုန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
စာတည်း-ကိုဆန်း