By Hlaing / MPA
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးမှုများပိုမိုပြုလုပ်လာကြောင်း ပေါ်တာဆွဲခံရသည့် မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်)၊ စက်တင်ဘာလမှ စတင်ကာ စစ်ကောင်စီသည် မလှိုင်မြို့နယ်အတွင်း ပေါ်တာဆွဲမှုများကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်း(၂၀၂၅ခုနှစ်)တွင် ပိုမိုပြုလုပ်လာခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့် မတ် သုံးရက် နှင့် ငါးရက်၊ နံနက်ပိုင်း၌ စစ်ကောင်စီလက်အောက်ခံ ရဲ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မလှိုင်မြို့၊ မြို့မစျေးကြီးတောင်ဘက်ရှိ လေးတိုင်စဥ်၊ လွတ်လပ်ရေးကွင်း(လှိုင်သာယာ ပန်းခြံ) အတွင်းရှိ လူငယ်များနှင့် မြို့မစျေးအနောက်ဘက် လမ်းမပေါ်ရှိ လမ်းသွားလမ်းလာလူငယ်များကို အဓ္ဓမဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ မနက် ၁၀ နာရီလောက်ကြီး ဝင်ဖမ်းတာ၊ အကုန် ဝရုန်းသုန်းကားနဲ့ ထွက်ပြေးရတယ်။ ကျမတို့ဆို ဆိုင်တွေကို ဒီတိုင်းထားခဲ့ရတာ၊ နောက်ပြီး စျေးနားက ရပ်ကွက်တွေ၊ အမှတ် ၇၊ အမှတ် ၆ တွေလည်း ဝင်တယ်။ လူငယ်လေးတွေလည်း အများကြီးဖမ်းမိကုန်တယ်” ဟု မျက်မြင်ကြုံတွေ့ခဲ့ရသည့် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအနေဖြင့် ငွေကြေးဖြင့် ရွေးထုတ်ရန် မလှိုင်မြို့မရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးဌာနသို့ လိုက်လံ၍ မေးမြန်းသော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
“ ကျတော့်သားပါသွားတယ်လို့ သိသိချင်း ရဲစခန်းရော၊ ထွေအုပ်ရုံးရော သွားတယ်။ ပြန်ရွေးမယ်ဆိုတာလည်း မရဘူး။ သူတို့ကနေ မိတ္ထီလာက တပ်မ ၉၉ ထဲ သွားခိုင်းတယ်။ ဒါပေမဲ့ထုတ်မရတော့ဘူး” ဟု ၄င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင်လည်း စစ်မှုထမ်းအပတ်စဥ် ၉ နှင့် ၁၀ သင်တန်း အတွက် မလှိုင်မြို့နယ်အတွင်းမှ လူငယ် ၄၅ ဦးခန့် ဖမ်းဆီးခြင်းခံရပြီး၊ မိတ္ထီလာ တပ်မ ၉၉ မှ တစ်ဦးလျှင် သိန်း ၁၅၀ ကျပ်ဖြင့် ရွေးယူရန် မိသားစုဝင်များထံ အကြောင်းကြားကြောင်း လူထုသတင်းကွန်ရက် – မလှိုင်မြို့က ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ခြောက်ရက် မှ ကိုးရက်နေ့ အတွင်း စစ်ကောင်စီက မလှိုင်မြို့ပေါ်ရှိ လမ်းသွားလမ်းလာလူငယ်များ၊ လက်ဘက်ရည်ဆိုင်ထိုင်နေသည့်လူငယ်များ၊ မလှိုင်မြို့အရှေ့ဘက် မလှိုင် – နွားထိုးကြီး ခရိုင်ချင်းဆက်လမ်းမပေါ်ရှိ ဝါးခွကျေးရွာနှင့် အမြန်လမ်းမရှိ ကံကြီးလမ်းဆုံ၌လည်း ဂိတ်ချကာ အလုပ်သွား၊ အလုပ်ပြန်ဒေသခံများကို ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
“ ဝါးခွရွာဆိုရင် မလှိုင်နဲ့လည်း နီးတယ်။ နေ့လယ်ခင်းကြီး အင်အားနဲ့ ဝင်စီးတာ၊ ရွာက ကလေးတွေထဲ အဖမ်းခံရသူတွေလည်း ရှိတယ်။ သေနတ်ဖောက်ပြီး ဝင်စီးတာ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဝါးခွကျေးရွာသားတစ်ဦးက ဆိုသည်။
ယင်းအပြင် မလှိုင် – နှောကန်ကျေးရွာချင်းဆက်လမ်းပိုင်းရှိ ကျွဲခြံ၊ အိုင်မရိုးစသည့် ကျေးရွာများမှ လယ်ယာလုပ်ငန်းခွင့်မှ ပြန်လာသည့် တောင်သူများကိုလည်း စစ်ကောင်စီ ပေါ်တာဆွဲမှုများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလလယ်ကလည်း မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ အထွေထွေ အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများအနေဖြင့် ရပ်ကွက်အတွင်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ယောင်္ကျားလေးများကို အိမ်တိုင်ရာရောက် သွားရောက်ကာ စစ်မှုထမ်းရန် ခေါ်ဆောင်ရမည်ဟု စစ်ကောင်စီတပ်က နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့သေးသည်။
မြန်မာနိုင်ငံအနှံ့အပြား၌ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် စခန်းကြီး၊ စခန်းငယ်များကို ဆုံးရှုံးရသည့်အပြင် စစ်သားများ သေဆုံးခြင်းနှင့် ထွက်ပြေးသူများ များပြားလာခြင်းကြောင့် လူအင်အားပြန်လည်ဖြည့်တင်းနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့သည်။
စစ်မှုထမ်းဥပဒေစတင်သည့်အချိန်တွင် အရပ်သားများကို ရပ်ကွက်အလိုက် မဲနှိုက်၍ စစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့သော်လည်း ထွက်ပြေးမှုများရှိလာသဖြင့် ယခုကဲ့သို့ အတင်းအဓ္ဓမ လိုက်လံဖမ်းဆီးခြင်းများ လုပ်ဆောင်ကာ စစ်သားစုဆောင်းနေခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီတပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အမှတ်စဥ် တစ်ခုလျှင် သင်တန်းသားဦးရေ ၅၀၀၀ နှုန်း ခေါ်ဆောင်သွားမည်ဟု ပြောဆိုထားသော်လည်း မြေပြင်၌မူ ယခုထက် ပိုမို များပြားနိုင်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက ဆိုသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင်လည်း စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၀ ခေါ်ယူထားကာ၊ ယခု မတ်လတွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၁ အတွက် လူစုဆောင်းကာ သင်တန်းပေးနေကြောင်း သိရသည်။
စာတည်း-ကိုဆန်း