By Nway / MPA
စစ်ကိုင်းတံတားတွင် ဖမ်းဆီးခြင်းခံရပြီး အဓမ္မစစ်မှုထမ်းသင်တန်းပို့ဆောင်ခံရသူ တပ်သားသစ် တစ်ဦး လက်နက်နှင့်အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် က ယနေ့(မတ်ခုနှစ်ရက်)သတင်းထုတ်ပြန်သည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၈ မှ အသက် ၂၃နှစ်အရွယ်ရှိ တပ်သားသစ် ရဲရင့်အောင်သည် MA 1 သေနတ်တစ်လက်ယူဆောင်ကာ အလင်းဝင်လာခဲ့ရာ ကျပ်သိန်း၃၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
” သူက စစ်ကိုင်းနယ်သားဗျ။ ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ မှတ်ပုံတင်သိမ်းပြီး စစ်မှုထမ်းဖို့ ဖမ်းခေါ်ခံရတာ။ အလင်းဝင်ချင်လို့ ဆက်သွယ်လာတော့ သူနဲ့ အနီးဆုံးနေရာထိ ကျတော်တို့ သွားခေါ်ပေးခဲ့ရတာဗျ ” ဟု ရေစကြိုပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
၎င်းသည် ၂၀၂၄ခုနှစ်၊နိုဝင်ဘာတွင် အဓမ္မစစ်သားစုဆောင်းခံရပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့၌ စစ်သင်တန်းတက်ရောက်ခဲ့ရကာ မတ်လငါးရက်၌ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ယခုနှစ်အတွင်း ရေစကြိုပကဖထံ ဆက်သွယ်၍ အလင်းဝင်လာသည့် စစ်သား ရှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။
စာတည်း-ML