By Maung Dagon / MPA
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းအတွက်ဆိုကာ စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေးအဖွဲ့ဝင်များက ငွေကြေးပြန်လည်ကောက်ခံနေကြောင်း မြို့ခံများထံမှ သိရသည်။
မရမ်းကုန်း၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် လှိုင် စသည့်မြို့နယ်များတွင် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူးများက တစ်အိမ်လျှင် တစ်သောင်းမှ သုံးသောင်းခွဲကျပ်နှုန်းအထိ လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်း ယင်းမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
“ဘာသံမှကို မကြားရသေးတာ။ ငြိမ်နေတယ်။ တစ်အိမ် တစ်သောင်းတော့ ပြန်ကောက်တယ်” ဟု မရမ်းကုန်းမြို့နယ်နေ စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့ခံထားရသူ၏ ဇနီးတစ်ဦးက ပြောသည်။
လတ်တလော ၎င်း၏အမျိုးသားမှာ ဆင့်ခေါ်စာပေးပို့ခံထားရသော်လည်း လာရောက်ခေါ်ဆောင်ခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဘက်က စာ/နှုတ်တို့ဖြင့် ထပ်မံအသိပေးတာမျိုး မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါမြို့နယ်၊ အမှတ် သုံးရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ခိုင်းစေချက်အရ ရာအိမ်မှူးက လိုက်လံကောက်ခံနေခြင်းဖြစ်သည်ဟု ထိုရပ်ကွက်နေ အမျိုးသားတစ်ဦးကလည်း ပြောသည်။
အလားတူ လှိုင်သာယာမြို့နယ်အတွင်းမှာလည်း စစ်မှုထမ်းသွားသူများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ တစ်အိမ်လျှင် တစ်သောင်းကျပ်နှုန်း လိုက်လံကောက်ခံနေကြောင်း မြို့ခံအချို့က ပြောသည်။
“ဘေးရပ်ကွက်တွေမှာတော့ ရာအိမ်မှူးတွေက လိုက်ကောက်ပြီးပြီ။ ကျွန်မတို့လည်း ဘယ်အချိန်လာမလဲမသိဘူး။ လာကောက်လေ့တော့ရှိတယ်” ဟု လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သူ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းတွင် စစ်မှုထမ်းအရွယ် သမီးငယ်တစ်ဦးရှိနေသည်။
ထို့အပြင် လှိုင်သာယာမြို့နယ်နေ အခြားအမျိုးသားတစ်ဦးကလည်း စစ်မှုထမ်းအပတ်စဉ်ရှိသည့်ကာလများတွင် လိုက်လံကောက်ခံလေ့ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် တစ်အိမ်လျှင် ကျပ်သုံးသောင်းခွဲ လာရောက်ကောက်ခံခဲ့ကြောင်း ပြောသည်။
“ပုံမှန်လတိုင်းကောက်တာမျိုးတော့မဟုတ်ဘူး။ စစ်မှုထမ်းအပတ်စဉ် သွင်းခါနီးတို့၊ ဆင်းခါနီးတို့မှ ကောက်တာ။ ဒါပေမဲ့ သိပ်တော့မကွာပါဘူး။ လတိုင်းမပေးရတာပဲရှိတာ။ နှုန်းထားကတော့ တစ်ခါတလေ တစ်သောင်း၊ သုံးသောင်း၊ ပြီးခဲ့တဲ့လကုန်တုန်းကတော့ သုံးသောင်းခွဲပေါ့။ စစ်မှုထမ်းသက်ရှိတဲ့အိမ်တွေကိုကောက်တယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်း၌ ယခုနှစ် ဖေဖော်ဝါရီ တစ်လအတွင်း လူငယ်လူရွယ်များသည် ပုံစံအမျိုးမျိုးဖြင့် ပေါ်တာဆွဲခံခဲ့ရရာတွင် လမ်းပေါ်တွင် ၁၀၆ ဦး၊ ဧည့်စာရင်းဝင်စစ်ရာမှ ၆၃ ဦး၊ သတင်းပေးကြောင့် ၅၉ ဦးနှင့် ဖမ်းဆီးသည့်ပုံစံ မသိရဘဲ ချုပ်နှောင်ခံထားရသူ ငါးဦး စုစုပေါင်း ရှိခဲ့ကြောင်း ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့တွင် Rangoon Scout Network က ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီထိန်းချုပ်မှုအပြည့်အဝနီးပါးရှိနေသေးသည့် ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဧရာဝတီမြစ် အရှေ့ခြမ်း မြို့နယ်များကိုလည်း စစ်မှုထမ်းစုဆောင်းမှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပေါင်းအပါများက ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“စစ်မှုထမ်းအပတ်စဉ်နီးပြီဆိုရင် အိပ်နေတဲ့အချိန် ညနက်ပိုင်းတွေမှာ အိမ်ထဲထိ ဝင်ဖမ်းလေ့ရှိတယ်။ အဲဒီတော့ စစ်မှုထမ်းအရွယ်တွေ တော်တော်များများရှောင်နေကြရတယ်” ဟု ဘိုကလေးမြို့အတွင်းနေထိုင်သူ အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ဘိုကလေးနှင့် သာပေါင်းမြို့တို့ရှိ ကျေးရွာများတွင် စစ်မှုထမ်းထောက်ပံ့ရန်ဟုဆိုကာ သုံးလလျှင် တစ်ကြိမ် တစ်အိမ် သုံးသောင်းခွဲကျပ်ပေးနေရပြီး လူစားထိုးဈေးနှုန်းများလည်း မြင့်တက်လာကြောင်း စစ်မှုထမ်းအရွယ်သမီးနှစ်ဦးရှိနေသည့် ၎င်းက ပြောသည်။
“လူစားထိုးမယ်ဆိုရင် အရင်က သိန်းတစ်ရာအောက်ပဲ။ အများဆုံးမှ သိန်းတစ်ရာပဲ။ အခုက အောက်ထစ် သိန်း ၁၂၀ ပေးနေရတယ်” ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။
ထို့အပြင် မကွေးတိုင်း၊ ဧရာဝတီမြစ် အရှေ့ခြမ်းရှိ ဒေသများအတွင်း စစ်မှုထမ်းများထောက်ပံ့ရန်အတွက်ဆိုကာ တစ်အိမ်လျှင် ကျပ် တစ်သောင်းမှ သုံးသောင်းအထိ လစဉ်ကောက်ခံနေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီကနည်းဥပဒေအဖြစ် ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က လွှတ်တော်မရှိ၊ ပြည်သူ့ဆန္ဒမခံယူဘဲ ပြဌာန်းကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(ဗဟို)က ပထမဆုံးအရေးယူမှုအနေဖြင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်ဝန်ထမ်းများကို ယခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် လူငယ်တစ်ဦး၏ မိဘများဆီက ကျပ်သိန်း ၁၃၀ ရယူမှုဖြင့် ဖမ်းဆီးခဲ့ပြီး ငွေများကို မိဘများထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကလည်း စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်လုပ်သူများတွေ့ရှိပါက ထိထိရောက်ရောက်အရေးယူရန် စစ်ကောင်စီလက်အောက်ခံများကို တိုက်တွန်းထားသကဲ့သို့ မတရားပြုလုပ်ခြင်းမှန်ကန်ပါက အရေးယူရန်၊ အရေးယူနေသည့်အပြင် အရေးယူနေဆဲလုပ်ရပ်များလည်း ရှိနေကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့ကပြုလုပ်ခဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ညွှန်ကြားထားသည်။
စာတည်း-ကိုဆန်း