By Maung Dagon / MPA
စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးဆက်တိုက်ကြဲချတိုက်ခိုက်ခံရပြီးနောက် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အိမ်တိုင်းနီးပါး ဗုံးခိုကျင်းတူးနေကြပြီဖြစ်သည်ဟု ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ဒေသခံများထံမှ သိရသည်။
မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ ကြိုတင်ပြီး မဖြစ်မနေတူးကြရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြီးခဲ့သည့် မတ်လ သုံးရက်နေ့က ဆော်ဩထားသည်။
“ဒီမှာ ဗုံးခိုကျင်းတွေတူးနေကြတာကတော့ လွန်ခဲ့တဲ့ခုနစ်လလောက်ကတည်းကပါပဲ၊ အခုတော့ အိမ်တိုင်းနီးပါးတူးလာကြတာပေါ့၊ ရာနှုန်းပြည့်နီးပါးတူးဖို့ပြင်ဆင်နေတာ၊ တူးနေကြတာတွေရှိနေပါပြီ” ဟု အညာမြေတပ်ပေါင်းစုမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးဘိုဘိုသန့်ဇင်က MPA ကို ပြောသည်။
သို့သော် ဗုံးခိုကျင်းမည်မျှတူးဖော်ပြီးပြီဆိုသည်နှင့်ပတ်သက်၍ အတိအကျမပြောနိုင်ကြောင်း ၎င်းက ပြောသည်။
“ရွာတစ်ရွာမှာ အိမ်ခြေ ၂၀၀ ရှိရင် အိမ်တိုင်းလိုလိုက တူးနေကြတာလို့ပဲပြောရမယ်။ ကိုယ့်အိမ်အတွင်းမှာပဲ ကိုယ်လုံခြုံအောင် ကိုယ့်အစီအစဉ်နဲ့ ကိုယ်တူးနေကြတာပေါ့” ဟု ကိုဘိုဘိုသန့်ဇင်က ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဗုံးခိုကျင်း ကူညီတူးဖော်ပေးမှုသည် ၂၅ ရာခိုင်နှုန်းခန့်သာရှိပြီး ဒေသခံများကိုယ်တိုင် တူးနေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မြိုင်နှင့် ပေါက်မြို့နယ်တို့အတွင်း ဗုံးကြဲခံရမှုများအပြင် လက်ရှိအချိန်မှာလည်း စစ်ကောင်စီဘက်က စက်တပ်လေထီး(Paramotor)များဖြင့် လာရောက်ဝဲပျံမှုများရှိနေသည့်အတွက် ဒေသခံများအနေဖြင့် အလွန်စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။
“မြို့နယ်အတွင်းမှာ လက်ရှိအခြေအနေက အထိတ်တလန့်ဖြစ်နေကြပါတယ်” ဟု အမည်မဖော်လိုသည့် မြိုင်ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် လက်ရှိ မြို့နယ်အတွင်းတည်ငြိမ်စေရေး ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထိမ်းသိမ်းလုပ်ဆောင်နေကြကြောင်း နာမည်မဖော်လိုသည့် မြိုင်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များအပါအဝင် သတင်းဌာနများ၏ ရေးသားဖော်ပြမှုအချို့ကြောင့် အောက်ခြေတပ်ရင်းတပ်ဖွဲ့များကို သတင်းထုတ်ပြန်ခွင့်နှင့် သတင်းဌာနများထံ ဖြေကြားခွင့် ကန့်သတ်ခံထားရသည်ဟု Myaing Village Revolution မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ရှိ ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ လေးရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ ၃၀ ဦးကျော်သေဆုံးသည့်အပြင် ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များစုစည်းထားသည့် အချက်အလက်များအရ သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက လူ ၁၅ ဦးစီသေဆုံးစေခဲ့သော မြိုင်နှင့် ပေါက်မြို့နယ်တို့အစပ်ရှိ ဆုံကုန်းရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သည့် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာဆောင်ဗုံးကြဲခံရမှုနှင့် မတ် သုံးရက်နေ့ နံနက်အစောပိုင်းက လက်ပံတိုရေနံမြေအပါအဝင် ရွာ ခုနှစ် ရွာထက်မနည်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်များမှာ အဆိုးရွားဆုံးဖြစ်သည်။
စာတည်း-ကိုဆန်း