By Nway / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ Myingyan Black Tiger ( MBT ) ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က သိမ်းပိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ်လ ငါးရက်၊ နံနက် ငါးနာရီခွဲခန့်တွင် ရေစကြိုမြို့နယ်၊ ဇရပ်နီကျေးရွာမြောက်ဘက်၌ အင်အား ၃၀၀ခန့်ပါ စစ်ကောင်စီစစ်ေကြာင်းနှင့် MBT တပ်ဖွဲ့တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ခဲယမ်းပြတ်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုတို့ကြောင့် MBT ဌာနချုပ်တပ်စခန်းကို လက်လွှတ်ခဲ့ရကြောင်း MBT က ယနေ့ ( မတ်လ ခြောက်ရက် ) သတင်းထုတ်ပြန်သည်။
” တိုက်ပွဲက တော်တော်ပြင်းထန်ခဲ့တယ်။ စကစဘက်က လေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်တာ ကျတော်တို့ရဲဘော်တွေ တောင် ပိတ်မိနေတာကို မနည်းကို ကယ်ထုတ်လာရတဲ့အနေအထားတွေရှိတယ်ဗျ ” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPA ကို ပြောသည်။
ယင်းတိုက်ပွဲ၌ စစ်သား၁၀ဦးထက်မနည်း သေဆုံးခဲ့သော်လည်း MBT တပ်ဖွဲ့အနေဖြင့် စစ်ဘက်ဆိုင် ရာ ပစ္စည်းများစွာ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
” ထုတ်လုပ်ရေးပစ္စည်း၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ တာဝေးပစ်လက်နက်ကြီးတွေ များစွာ ဆုံးရှုံးခဲ့ ရတယ်။ တန်ဖိုးတော့ မပြောတတ်သေးပါဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ရက်ကတည်းက ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရေစကြိုမြို့နယ်၊ မင်္ဂလာခြံရွာ၊မြေစွန်းတော်ရွာနှင့် ရွာသစ်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၂၈ရက်နှင့် မတ်လနှစ်ရက်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို မသိရသေးကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ မွန်းလွဲပိုင်းအထိ MBT ဌာနချုပ်တပ်စခန်း အနီး၌ရှိနေကြောင်း သိရသည်။
စာတည်း-ML