By Bala / MPA
စစ်ကောင်စီတပ်အနေနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုဘဲ စစ်ကို စစ်နှင့်တူအောင်တိုက်ရန် လိုအပ်ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဆိုသည်။
ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်သည် ဒေသခံ ပြည်သူများကို ပစ်မှတ်ထားကာ လက်နက်ကြီးနှင့်ရော လေကြောင်းမီ ဗုံးကြဲမှုများပါ ပြုလုပ်နေခြင်းနှင့် စပ်လျဉ်းပြီး KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အဓိကက စစ်ကောင်စီက အထိနာရင် ယောက်ျားလိုမတိုက်ကြဘူး။ပြည်သူတွေကို ပစ်မှတ်ထားပြီး တော့မှ တိုက်ခိုက်ကြတဲ့အတွက် ဒါကစစ်ကောင်စီရဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေဖြစ်တယ် ပေါ့။စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ လိုတယ်”ဟု ၎င်းက MPAသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက စစ်ကောင်စီတပ်သည် လွိုင်ကော်၊ဒီးမော့ ဆို ၊ဖယ်ခုံနှင့် မိုးမြဲမြို့ နယ်အတွင်းရှိ အရပ်သားပြည်သူများကိုပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
အထက်ပါမြို့နယ်များတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ကလေးသုံးဦးအပါအဝင် ပြည်သူ ငါးဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၁ဦးဒဏ်ရာရခဲ့ကာ ဆေးပေးခန်း တစ်ခန်း၊စာသင်ကျောင်း ငါးကျောင်း၊ဘာသာရေးအဆောက်အအုံ လေးလုံးနှင့် နေအိမ်၅၈လုံးထက်မနည်းပျက်စီးခဲ့ကြောင်းနှင့် မိုးဗြဲမြို့တွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရ သည်။
“ဒီနှစ်အစပိုင်းမှာပေါ့နော်။ စစ်ကောင်စီအနေနဲ့က လေကြောင်းတိုက်ခိုက်မှုကို ခပ်စိပ်စိပ် လုပ်လာ တယ်။ လက်နက်ကြီးပစ်ခတ်မှုတွေလည်း တောက်လျှောက်လုပ်လာတယ်။ အဲ့တိုက်ခိုက်မှုတွေက ပြည်သူတွေကို အဓိကထား ပစ်မှတ်ထားတိုက်ခိုက်မှုတွေပေါ့နော်”ဟု ၎င်းက ဆက်လက်ပြောသည်။
ကရင်နီပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေယာဉ်လာချိန်တွင် ထွက်ကြည့်ခြင်းမျိုး မလုပ်ဘဲ ဘေးကင်းလုံခြုံရာ၌သာ နေထိုင်သင့်ကြောင်း KNDFက အကြံပြုသည်။
စာတည်း-ML