By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှ ရိက္ခာသယ်လာသည့် ပျူစောထီးကားကို PDFတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ယနေ့ (မတ်လ ငါးရက်) နေ့ခင်း ၁၂နာရီဝန်းကျင်တွင် ရွှေဘိုမြိုနယ်၊ ပန်းရံပျူစောထီးရွာခေါင်း ဆောင် ကျော်ဝင်းသည် မြို့ပေါ်မှ ရိက္ခာယူပြီးပြန်လာသည်ဟု သတင်းရသဖြင့် လမ်းခုလတ်၌ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ကားပေါ်၌ပါလာသည့် ပျူစောထီးသုံးဦးထွက်ပြေးသွား၍ ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေဘိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
” သူတို့ကို ကျတော်တို့က အသင့်ကင်းပုန်းဝပ်ပစ်တာမို့လို့ ကိုယ့်ဘက်ကပဲပစ်တာပါ။ ကားကို ထားပြီးတော့ ထွက်ပြေးတာ။ ဒါက ရွှေဘိုနဲ့ သူတို့ရွာကြား ပေလမ်းဖြစ်လို့ အကြာကြီးနေမရဘဲ ပြန်ဆုတ်ရတာ။ ကားပေါ်မှာတော့ စားဆီပုံးပါတယ်လို့ပြောတယ်။ ဒါပေမဲ့၊ ကျတော်တို့ မယူလိုက်တော့ဘူး” ရွှေဘိုမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း၌ ပေလမ်းပေါ်တက်ပစ်စဉ် PDFရဲဘော်တစ်ဦး စစ်တပ် ထောင်ထားသည့် နင်းမိုင်းထိပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” အဲ့နေရာက သူတို့နဲ့ ကျတော်နဲ့ နယ်မြေလုနေတဲ့နေရာဗျ။ ဒါပေမဲ့၊ ကျတော်တို့ဘက်ကအားသာ တယ်။ ခုရက်ပိုင်းက အဲ့ဘက်မှာ စစ်ကြောင်းနဲ့ မကြာခဏဖြစ်နေတာ(တိုက်ပွဲ)။အဲ့မှာ လမ်းပေါ်တက် ပစ်တဲ့အချိန် သူတို့ထောင်သွားတဲ့ နင်းမိုင်းကိုမိတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO)၊ တိုက်နယ်(၅)ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း၄နှင့် နယ်မြေခံပကဖအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။